[[Zawgyi/Unicode]]
မြန်မာနိုင်ငံကိုပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု မဟုတ်တဲ့အကူအညီတွေကို ရပ်ဆိုင်းပြီး လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်ခဲ့တဲ့ တာဝန်ရှိသူတွေကို ပိတ်ဆို့ အရေးယူဖို့ ဂျပန်နိုင်ငံကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အရပ်ဘက်အသုံးပြုဖို့အတွက် ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်ကြားမှာ အကူအညီပေးခဲ့တဲ့ သင်္ဘော ၃ စီးအနက် ၂ စီးကို မြန်မာစစ်တပ်က စစ်သား ၁၀၀ ကျော်ကို ရခိုင်ပြည်နယ်မှာ မေယုမြစ် ကြောင်းတလျှောက် ဘူးသီးတောင်ကိုပို့ရာမှာ စက်တင်ဘာလအတွင်းက စစ်ရေး ရည်ရွယ်ချက်တွေအတွက် အသုံးချခဲ့တာကိုထောက်ပြပြီး ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကစ္စပ နဒီ ၁ နဲ့ ၃ သင်္ဘောတွေကို စက်တင်ဘာလ ၁၄ ရက်နေ့က အသုံးပြုခဲ့တာဖြစ်ကြောင်း အထောက်အထားတွေနဲ့ HRW က ပြောပါတယ်။
“ဂျပန်နိုင်ငံကပေးတဲ့ ဖွံဖြိုးတိုးတက်မှု အကူအညီတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် မြန်မာစစ်ကောင်စီက အလွဲသုံးစားပြုနေတာကြောင့် ဂျပန်ဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံနေသူ ဖြစ်နေပါတယ်လို့ HRW ရဲ့ အာရှအစီအစဉ်တာဝန်ခံ Teppei Kasai က ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ နေ့စွဲနဲ့ ရခိုင်ပြည်နယ် အစိုးရသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဌာနကို ပေးစာ၊ စက်တင်ဘာ ၂၁ ရက်နေ့စွဲနဲ့ ပြည်တွင်းရေကြောင်းရုံးချုပ်ကနေ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ပေးစာ၊ စက်တင်ဘာ ၂၃ ရက်နေ့စွဲနဲ့ ရခိုင်ပြည်နယ် သယ်ယူပို့ဆောင်ရေးဝန်ကြီးနဲ့ ပြည်နယ်ရဲမှူးကြီးတို့က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကိုပေးတဲ့ပေးစာတွေအပေါ် အခြေခံပြီး အစိုးရဟာ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီကို စစ်ရေးအတွက် အသုံးမပြုရမှန်း သိလျက်နဲ့ အသုံးပြုခဲ့တာ ဖြစ်တယ် လို့ HRW ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
================
[[Unicode]]