[[Zawgyi/Unicode]]
ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးသွားတာနဲ့ပတ်သက်ပြီးကန့်သတ်မှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၆ ရက်မှာ သက်တမ်းဆက်တိုးလိုက်ပါတယ်။ မြန်မာနိုင်ငံကို မသွားမဖြစ်ကိစ္စမှတပါးမသွားဖို့ ရန်ကုန်ကလွဲလို့ တခြားနေရာတွေကို မသွားရောက်ဖို့ တားမြစ်ထားတာပါ။
မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေကနေ အနည်းငယ်လေးလွဲသွားရုံနဲ့ အဖမ်းခံနိုင်တာနဲ့ ပတ်သက်ပြီး သတိပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အရေးပေါ်အခြေနေထုတ်ပြန်ထားဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေကလည်း ကြိုတင်ခန့်မှန်းလို့မရသလို အကြောင်းမကြားဘဲ အပြောင်းအလဲတွေ ရှိတတ်တယ်လို့ လည်း ဗြိတိန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ပြည်နယ်နဲ့တိုင်းအများအပြားမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မြေမြှုပ်မိုင်းထောင်ထားတာတွေအပြင် တိုက်ပွဲတွေ ဖြစ်ပွါးနေကြောင်း၊ ရန်ကုန်မြို့မှာ ပုံမှန်သွားလာနေကြပေမယ့် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ ပစ်ခတ်ဖေါက်ခွဲမှုတွေရှိနေတယ်လို့လည်း သတိပေးပါတယ်။ မြို့ထဲမှာ သွားလာနိုင်ပေမယ့် လမ်းပိတ်ဆို့တာနဲ့ လုံခြုံရေးစစ်ဆေးမှုတွေခံရနိုင်သလို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်နဲ့ မြောက်ဒဂုံအပြင် ဒဂုံဆိပ်ကမ်းသာ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားဆဲပဲလို့လည်း ဖေါ်ပြထားပါတယ်။
နိုင်ငံ ၂ နိုင်ငံက နိုင်ငံသားအဖြစ်လက်ခံထားတာကို မြန်မာမှာ အသိမှတ်မပြုကြောင်းနဲ့ သတင်းထောက်နဲ့ တခြားဘယ်လို သတင်းပေးပို့မှုမျိုးမဆို အန္တရာယ်ရှိနေကြောင်းလည်း သတိပေးထားတာပါ။ ကိုဗစ်ကန့်သတ်ချက်တွေ သတိထားဖို့၊ ဘဏ် အများစုက ပိတ်ထားပြီး ငွေထုတ်စက်တွေ အလုပ်မလုပ်ကြောင်းနဲ့ တကယ်လို့ အကူအညီတစုံတရာလိုအပ်ရင် သံရုံးကိုချက်ချင်းအကြောင်းကြားဖို့ ပြောကြားထားပါတယ်။
------------------
[[Unicode]]