သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံပညာရေးဝန်ထမ်း ၂ ဦး ဘင်္ဂလားဒေ့ရှ်ငွေ တာကာသိန်း ၅၀ နဲ့ ရွေးဖို့တောင်းဆိုကြောင်း ရခိုင်ပညာရေးမှူးအတည်ပြု


ရခိုင်ပြည်နယ်ပညာရေးမှူ̔ရုံး။ (ဓာတ်ပုံ-ရခိုင်ပြည်နယ်ပညာရေးမှူးရုံး FB)
ရခိုင်ပြည်နယ်ပညာရေးမှူ̔ရုံး။ (ဓာတ်ပုံ-ရခိုင်ပြည်နယ်ပညာရေးမှူးရုံး FB)

[[Zawgyi/Unicode]]

ပြန်ပေးဆွဲခံပညာရေးဝန်ထမ်း ၂ ဦး ဘင်္ဂလားဒေ့ရှ်ငွေ တာကာသိန်း ၅၀ နဲ့ ရွေးဖို့တောင်းဆိုကြောင်း ရခိုင်ပညာရေးမှူးအတည်ပြု

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ဦးကို ပြန်လည်လွတ်မြောက်ဖို့ ဘင်္ဂလာဒေ့ရှ်ငွေကြေး တာကာ သိန်း ၅၀ ပေးရမယ်လို့ ပြန်ပေးဆွဲထားတဲ့အဖွဲ့က ပြောလာတဲ့အကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာ ငွေကြေးလွှဲတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေတဲ့ ရက်တွေမှာ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသခံတွေ စုပေါင်းရှာဖွေခဲ့ပြီး ဒီလို ရှာဖွေနေစဉ်မှာ မနေ့က ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မောင်တော်မြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းကျောင်းအုပ် ဦးဘိုဝင်းနဲ့ လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်ဥမ္မာကျော်တို့ ၂ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က အစည်းအဝေးကိစ္စနဲ့ မောင်တောမြို့ကိုလာရင်း လမ်းခုလပ်တနေရာမှာ ပြန်ပေးဆွဲခံရပါတယ်။

ဒီပညာဝန်ထမ်းရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းကို ဗွီအိုအေက မေးမြန်ရာမှာ ဒီသတင်းနဲ့ ပတ်သက်လို့ သူအနေနဲ့ မသိဘူးလို့ ပြောပါတယ်။

“အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မသိထားဗျ။ အဲ့ဒါတွေ ရဲကို မေးရမှာ၊ ပညာရေးကလူကို မေးကြည့်ရမှာ အဲ့ဒီဟာကို ကျနော်က အဲ့ဒီဟာတွေကို ထုတ်ပြန်တာ သိပ်မရှိဘူး။ ကျနော် သိတောင်မသိဘူးနော်။”

ပြန်ပေးဆွဲခံရပြီးတဲ့နောက် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသခံတွေ စုပေါင်းပြီး ရှာဖွေရေးလုပ်ငန်းတွေ ၃ ရက်ဆက်တိုက် ဆောင်လုပ်ခဲ့ကြောင်းနဲ့ မနေ့က ရှာဖွေရေးလုပ်နေချိန်မှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကူညီရှာဖွေရေးအဖွဲ့ထဲမှာ ပါနေတဲ့ နံ့သာတောင် ဆရာတော်က မိန့်ကြားပါတယ်။

“ဘုန်းဘုန်းတို့က ၃ ရက်ဆက်တိုက် ရှာလိုက်တယ်။ အခုရှာဖွေရေးကိစ္စကိုတော့ ဘုန်းဘုန်းကြီးတို့ ပြန်ရပ်လိုက်တယ်။ အဲ့ဒီဆရာ၊ ဆရာမတွေရဲ့ ငွေရေးကြေးရေးနဲ့ အဲ့လိုမျိုး အပေးအယူတို့ ဒီပညာရေးဌာနက လုပ်နေတဲ့အတွက် ဘုန်းဘုန်းတို့က အဲ့ဒီရှာဖွေရေးကိစ္စကို ဒီနေ့ ရပ်တန့်လိုက်ပါတယ်ခင်ဗျ။ ဘုန်းဘုန်းတို့ကတော့ ဘယ်အဖွဲ့အစည်းဆိုတာကို မသိဘူး။ ဘုန်းဘုန်းတို့အခေါ်အရဆိုလို့ ဒီမွတ်ဆလင်ပါပဲ ဘယ်အဖွဲ့အစည်းဆိုတာလဲ ဘုန်းဘုန်းတို့က မသိဘူးခင်ဗျ။ မွတ်ဆလင်လို့ ယူဆရပါတယ်၊ မွတ်ဆလင်ပြောတာပါ၊ သူတို့ကုလားစကားနဲ့ ပြောတာ မွတ်ဆလင်ပါပဲ ဟုတ်ကဲ့။ ဘုန်းဘုန်းတို့ ဒေသခံတဦးထိတယ်။”

ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ဆရာမတွေရဲ့ တယ်လီဖုန်းနဲ့ ပြန်ပေးဆွဲသွားတဲ့အဖွဲ့က ပြီးခဲ့တဲ့ရက်က ပြန်ဆက်သွယ်လာပြီး ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅၀ တောင်းထားတယ်လို့ ဘုန်းဘုန်းက မိန့်ကြားပါတယ်။ ပြန်ပေးဆွဲတဲ့အဖွဲ့က ဘယ်အဖွဲ့ အစည်းလဲဆိုတာ အခုချိန်ထိ သေသေချာချာ မသိသေးပေမယ့် သူတို့ ဆက်သွယ် လာတဲ့ အချိန်မှာ မွတ်ဆလင်စကားနဲ့ ပြောလာတာကြောင့် မွတ်ဆလင်အဖွဲ့လို့ ယူဆရကြောင်း မိန့်ပါတယ်။

ဒီပညာရေးဝန်ထမ်း ၂ ဦးကို ပြန်လည်ရရှိဖို့ မြန်မာကျပ်ငွေ သိန်းတစ်ထောင်နဲ့ ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅၀ ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြန်ပေးဆွဲထားတဲ့အဖွဲ့က ပြောလာတာကြောင့် လက်ရှိချိန်မှာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ပညာရေးမှူးရုံးနဲ့ မိသားစုဝင်တွေ စုပေါင်းပြီး ငွေကြေးတွေ လွှဲပေးနေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။

“ဒီရက် ၂ ရက်ကတော့ ပိုက်ဆံတွေ လွှဲထားပြီပေါ့နော်၊ ဒီနေ့လည်းပဲ ပိုက်ဆံတွေ လွှဲဖို့ မိသားစု၂ ယောက်ပေါ့နော်။ မိသားစု အဲ့ဒီဆရာရဲ့ ဆွေမျိုးဖြစ်တယ်၊ နောက် ဆရာမရဲ့အမေ သူတို့ကတော့ အဲ့ဒီမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံမှာပေါ့နော် ပိုက်ဆံလွှဲဖို့ စီစဉ်နေတယ်ပေါ့နော် ဒီနေ့ ဟုတ်ကဲ့ပါ။ ငွေကြေးက တာကာ သိန်း ၅၀ လို့ ပြောပါတယ်။ ဒီတာက သိန်း ၅၀ က ကျနော်တို့ မြန်မာငွေ သိန်း ၁,၀၀၀ နဲ့ညီမျှတယ်လို့တော့ ပြောတာပေါ့။ ဘယ်အဖွဲ့တယ်ဆိုတာလဲ တိတိပပမပြောဘူး။ သူတို့ က ဓားမြလို၊ ဓားမြပုံစံမျိုး အဲ့လိုမျိုးပဲ ပြောတယ်ပေ့ါနော်။ ကျနော်တို့ကတော့ ဘယ်အဖွဲ့ရယ်လို့လည်း တိတိကျကျမသိဘူးဗျ။”

ပညာရေးဝန်ထမ်း ၂ ဦးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြည်နယ်ပညာရေးမှူးက တောင်းဆိုထားပါတယ်။

ဒီလို ပြန်ပေးဆွဲပြီး ငွေရေးကြေးရေးနဲ့ ပြန်အရွေးခံရတာ ငွေကြေးနဲ့မရွေးနိုင်တဲ့ သူတွေဆို သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အဲ့ဒီဒေသတွေမှာ မကြာမကြာ ဖြစ်ပွားနေပြီး လုံခြုံမှုမရှိဘူးလို့ နံ့သာတောင်ဆရာတော်က မိန့်ကြားပါတယ်။

“ပညာရေးဝန်ထမ်းကတော့ ဒါပထမဆုံး၊ သာမန် အရပ်ဖက်တွေ မကြာမကြာ အဲ့လိုမျိုး ပြန်ပေးဆွဲခံရတယ်။ ငါးရှာတာတို့၊ ဟင်းရွက်တာတို့ တောတောင်မှာ သစ်ခုတ်တာတို့ ဝါခုတ်တာတို့ အဲ့လိုမျိုး မကြာမကြာအဆွဲခံရတယ်။ ပိုက်ဆံနဲ့ရွေးတယ် ပိုက်ဆံနဲ့ မရွေးနိုင်ဘူးဆိုလို့ အဲ့လိုမျိုးတွေ အကူအညီအထောက်အပံ့တွေမရဆိုလို့ အဲ့လူကို သတ်ဖြတ်တာပဲ အဲ့လိုမျိုးရှိပါတယ်။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်မှာ ဒေသခံတွေ မကြာမကြာဖမ်းဆီးခံရတာတွေ အမည်မသိ လက်နက်ကိုင်တွေရဲ့ ပြန်ပေးဆွဲခံရတာတွေ ခံနေရပြီး လုံခြုံမှုကင်းမဲ့နေပါတယ်။

#ရခိုင်ပြည်နယ်မောင်တောမြို့ #ပညာရေးဝန်ထမ်းနှစ်ဦး #ပြန်ပေးဆွဲခံရ #ဦးဘိုဝင်း #ဒေါ်ဥမ္မာကျော် #ဗွီအိုအေ
=====================

[[Unicode]]















=====================

XS
SM
MD
LG