သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းဈာပန သမ္မတရှီ တက်ရောက်   


[[Zawgyi/Unicode]]

ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ဟာ သစ္စာရှိတဲ့ မာက်စ်-လီနင်ဝါဒီဖြစ်ပြီး တရုတ်ပြည်စီးပွားရေး မြန်မြန်ဆန်ဆန်တက်လာအောင် ဦးဆောင်ခဲ့သူအဖြစ် အင်္ဂါနေ့ ဈာပနအခမ်းအနား မိန့်ခွန်းတွေမှာ အသိအမှတ်ပြု ချီးကျူးသွားကြပါတယ်။

ဘေကျင်းမြို့က ပြည်သူ့ခန်းမမှာကျင်းပတဲ့ ဈာပနအခမ်းအနားမှာ သမ္မတရှီကျင့်ဖျင်က တနာရီလောက်ကြာအောင် မိန့်ခွန်းပြောခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် တီယံနန်မင်ရင်ပြင်မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ကျန်ဇီမင်းဟာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ အခု သူ ကွယ်လွန်သွားချိန်မှာလည်း တရုတ်ပြည်မှာ ဇီးရိုး-ကိုဗစ်ကို အဆုံးသတ်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။

ဈာပနအခမ်းအနား တက်ရောက်သူတွေက သုံးမိနစ်ကြာရပ်နားပြီး ကွယ်လွန်သူ ကျန်ဇီမင်းကို ဂုဏ်ပြုခဲ့သလို နိုင်ငံတဝန်း စတော့အရောင်းအဝယ်တွေကိုပါ ရပ်ပြီး ပြည်သူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။ တနင်္လာနေ့တုန်းကတော့ သမ္မတရှီကျင့်ဖျင်နဲ့ ယခင် သမ္မတဟူကျင်းထောင်တို့က စစ်ဆေးရုံမှာ လွမ်းသူ့ပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။

ကျန်ဇီမင်းရဲ့ရုပ်အလောင်းကို တခြား ခေါင်းဆောင်တွေမြှုပ်နှံရာ Babaoshan အာဇာနည်သင်္ချိုင်းကို တဖြည်းဖြည်း သယ်ဆောင်သွားရာမှာ လမ်းတလျှောက် ကြည့်ရှုကြသူပရိသတ်တွေက ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြပါတယ်။

ဟောင်ကောင်မှာလည်း တရားဝင် ဈာပနအခမ်းအနားကိုကျင်းပရာမှာ လူများစွာ တက်ရောက်ခဲ့ကြပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီး ဟောင်ကောင်သူ ဟောင်ကောင်သားတွေက ဗြိတိသျှ လက်အောက်ကနေ တရုပ်လက်အောက် ကို ချောမွေ့စွာကူးပြောင်းခဲ့တဲ့အတွက် ကျန်ဇီမင်းကို သတိရကြတာပါ။ ကျန်ဇီမင်း လက်ထက်မှာ တိုင်းပြည်တပြည် စနစ် ၂ ရပ် မူဘောင်ကို ချမှတ်ခဲ့ပေမဲ့ ရှီကျင့်ဖျင် လက်ထက်မှာတော့ စနစ် ၂ ရပ် မူက တစတစ ပျက်ယွင်းလာခဲ့တယ်လို့ ဟောင်ကောင်သားတွေက မြင်ကြပါတယ်။

“မတူကွဲပြားတဲ့ လူမှုစနစ်တွေနဲ့ အယူအဆစနစ်တွေကြားကတိုက်ပွဲကို ပြည်တွင်းပြည်ပ ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ဒီ အခြေအနေက ပါတီဝင်တိုင်းကို စမ်းသပ်နေတယ်” လို့ သမ္မတ ရှီကျင့်ဖျင်က ဆိုပါတယ်။ ဆိုရှယ်လစ် ခေတ်မီရေးကို ပြည်သူတွေက ရုန်းကန်တည်ဆောက်ရာမှာ ကျနော်တို့ ကွန်မြူနစ်ပါတီက ဦးဆောင်နေတယ်ဆိုတာကို ရဲဘော်ကျန်ဇီမင်းက အလေးထာပြောခဲ့ကြောင်း ရှီကျင့်ဖျင် က ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








XS
SM
MD
LG