[[Zawgyi/Unicode]]
အိန္ဒိယနိုင်ငံ New Delhi မြို့တော်မှာ ဒီနေ့ ဇွန်လ ၁၆ ရက်စတင်ကျင်းပတဲ့ အာဆီယံနဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကြား အထူးစည်းဝေးပွဲမှာ ၂ ဘက်ဆက်ဆံရေး ပိုပြီးခိုင်မာအောင်လုပ်ဖို့ အရေးကြီးတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဝင် တိုက်နေသလို အမေရိကန်နဲ့ တရုတ်ရဲ့ အားပြိုင်မှုမြင့်တက်နေချိန် အာဆီယံနဲ့ အိန္ဒိယဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့ လိုတယ်လို့ ၂ ဘက်လုံးက ပြောကြားခဲ့ကြပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ အားပြိုင်မှုဟာ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan (ဗီဗီယန် ဗလခရစ်ရှနန်) က ပြောကြားခဲ့ပါတယ်။
အင်အားကြီး အမေရိကန်နဲ့ တရုတ်ရဲ့ အားပြိုင်မှုကြီးလာတာက အာရှဒေသတခုလုံးအတွက် တိုက်ရိုက်သက်ရောက်မှုတွေရှိနေပါတယ်။ ဒီအားပြိုင်မှုကို ဒီတိုင်းလွှတ်ထားမယ်ဆိုရင် အာရှဒေသရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျတဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုတွေရှိလာမယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan (ဗီဗီယန် ဗလခရစ်ရှနန်) ကပြောကြားခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar (ဆူဘရာမန်ညံ ချိုင်းရှန်ကာ) ကလည်း ပထဝီအနေအထားအရ စိန်ခေါ်မှုတွေ၊ ကမ္ဘာကြီးမှာ မရေရာမှုတွေဖြစ်နေချိန် အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရင်ကထက်ပိုပြီး အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံ စည်းလုံး သာယာဝပြောရေးကို အိန္ဒိယက အခိုင်အမာထောက်ခံတယ်လို့လည်း ပြောကြားပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ ကုန်းလမ်း၊ ရေလမ်းခရီးဆက်သွယ်မှု တိုးတက်အောင်လုပ်ဖို့နဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်းအဝေးပြေးလမ်းမကြီးကို အဆင့်မြှင့်ဖို့ လိုအပ်တာကိုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ချိုင်းရှန်ကာက အလေးထားပြောခဲ့ပါတယ်။ အိန္ဒိယနဲ့ အာဆီယံ ဆွေးနွေးဘက်နိုင်ငံတွေကြား ဆက်ဆံရေးအနှစ် ၃၀ ပြည့်အထိမ်းအမှတ်နဲ့ အဆင့်မြင့်အစည်းအဝေးတွေကို ၂ ရက်ကြာကျင်းပနေတာပါ။
မြန်မာနိုင်အတွက် အာဆီယံသဘောတူညီချက် ၅ ခုကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံရဲ့ မူအတိုင်း မြန်မာစစ်ကောင်စီအကြီးအကဲတွေကို အိမ်ရှင်အိန္ဒိယနိုင်ငံက မဖိတ်ပါဘူး။ ဒီနေ့ကျင်းပတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံဘက်က မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၁ ရက်ကနေ ၂၂ ရက်နေ့အထိ Cambodia နိုင်ငံမှာ ၂ ရက်ကြာကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲကျရင်လည်း မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို မဖိတ်ကြားဖို့ မြန်မာအပါအဝင် နိုင်ငံတကာက လူထုအခြေပြုအဖွဲ့အစည်း ၆၇၇ ခုက ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ တာဝန်ရှိတဲ့အတွက် သူ့ကိုစည်းဝေးပွဲ မဖိတ်ဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
=========
[[Unicode]]
=========