[[Zawgyi/Unicode]]
အမေရိကန်ပြည်ထောင်စုမှာ Los Angeles မြို့မှာ ကျင်းပနေတဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲမှာ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ အတူတွဲ ဖြေရှင်းသွားမယ်လို့ သမ္မတ Joe Biden က ကတိပြုလိုက်ပါတယ်။ အမေရိကတိုက်နိုင်ငံတွေရဲ့ အနာဂါတ်အတွက် ဒီမိုကရေစီလိုအပ်တယ်လု့ိသမ္မတ Biden ကပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ ဒီမိုကရစီစနစ် တိုက်ခိုက်ခံနေရချိန်မှာ ခုလို တေ့ွဆုံမှုကနေ စည်းလုံးကြဖို့နဲ့ ဒီမိုကရေစီစနစ်က အမေရိကသမိုင်းကို ပုံဖော်ပုံမကဘဲ အမေရိကအနာဂါတ်အတွက် ဒီမိုကရေစီစနစ်က မရှိမဖြစ်လိုအပ်တယ်လု့ိ သမ္မတ Joe Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အနောက်ဘက်ခြမ်းမှာရှိတဲ့ အမေရိကတိုက်နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဖို့လည်း သမ္မတ Biden ကတိပြုခဲ့ပြီး စီးပွားရေး သာယာဝပြောစေရေး မိတ်ဖက်သဘောတူညီချက်သစ်ကိုလည်း ကြေညာအဆိုပြုခဲ့ပါတယ်။
စီးပွားရေးကို အောက်ခြေကစ တိုးတက်အောင် အထောက်အကူဖြစ်မယ့် သဘောတူညီချက်ဖြစ်တယ်လို့ ပြောကြားပါတယ်။ အမေရိကန်တိုက်အလယ်ပိုင်းကနေ အမေရိကန်ပြည်ထောင်စုဆီ တရားမဝင် ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူတွေလာရောက်တဲ့ ပြဿနာရှိနေချိန်မှာ ဘေးကင်းလုံခြုံပြီး စနစ်တကျဖြစ်တဲ့ နိုင်ငံရွှေ့ပြောင်းအခြေချမှုက အမေရိကန်ပြည်ထောင်စုအပါအဝင် အားလုံးရဲ့ စီးပွားရေးအတွက် ကောင်းပေမယ့် တရားမဝင် ရွှေ့ပြောင်းအခြေချတာကိုတော့ လက်မခံနိုင်ဘူးလို့ အမေရိကန်သမ္မတက ဗုဒ္ဓဟူးနေ့က မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကတိုက်နိုင်ငံတွေ သာယာဝပြောဖို့နဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် ဒီထပ်သီးစည်းဝေးပွဲကို ကျင်းပနေတာဖြစ်ပါတယ်။ အမေရိကတိုက်နိုင်ငံတွေအတွက် စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို သမ္မတ Biden လာမယ့်ရက်ပိုင်းအတွင်းကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီထိပ်သီးစည်းဝေးပွဲကို လူ့အခွင့် အရေးမှတ်တမ်းမကောင်းတဲ့ Cuba၊ Venezuela နဲ့ Nicaragua နိုင်ငံတွေကို မဖိတ်ကြားတဲ့အတွက် Mexico၊ Guatemalan အပါအဝင် တချို့ အမေရိကတိုက်နိုင်ငံတချို့က ခေါင်းဆောင်တွေက သပိတ်မှောက်ပြီး မတက်ကြပါဘူး။
=============
[[Unicode]]
=============