[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ထားတဲ့ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှု၊ အဆောက် အဦး ဆောက်လုပ်မှု စတဲ့အမှုတွေအတွက် ပြန်ခေါ်သက်သေတွေကို ဒီတပတ်မှာ စစ်ဆေးပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်ဆိုကာ စွဲဆိုတဲ့အမှု ၂ မှု အတွက် လုပ်ငန်းရှင် ဦးရှောက်ဆန်းနဲ့ ဦးမောင်ဝိတ်ရဲ့ ဒရိုင်ဘာတို့ ကိုယ်တိုင် စစ်ကောင်စီ သက်သေအနေနဲ့ ဒီကနေ့ လာရောက် ထွက်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လ ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော် တို့မှာ အဆောက်အဦးနဲ့ မြေနေရာတွေရယူရာမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအတွက် စစ်ကောင်စီဘက်က စွဲချက်တင်ခဲ့တာပါ။
နေပြည်တော်က လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းအတွက် မြေနေရာ ၂ ခုရယူမှုနဲ့ပတ်သက်လို့ NLD အစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည် တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ အမှု ၂ ခုမှာ ပူးတွဲ စွဲချက် တင်ခံရပါတယ်။ ဒါ့အပြင် လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ် ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို အမှု ၁ မှုအတွက် စွဲချက်တင်လိုက်တာမို့ စုစုပေါင်း ၄ မှုအတွက် စွဲချက်တင်ခံရတာဖြစ်ပါတယ်။
ဒီအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ဒီအမှုတွေကို တရားလိုအနေနဲ့ တရားစွဲဆိုတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလို ဦးရဲထက်အပါအဝင် စစ်ကောင်စီဘက်က တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုထားတဲ့ လိုပြသက်သေ ၃ ဦးကို ပြန်လည် စစ်မေးဖို့ ခေါ်ယူခဲ့တာမှာ ဒီကနေ့မှာတော့ ကျန်ရှိတဲ့ တရားလိုပြသက်သေ၂ ဦးဖြစ်တဲ့ နေပြည်တော် စည်ပင်သာယာရေးအဖွဲ့က အရာရှိ ၂ ဦးကို ပြန်လည်စစ်မေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဒီအမှုတွေအပြင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ကလာဘ်ထိုးတဲ့ ဒေါ်လာငွေ ၅ သိန်း ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့တယ်ဆိုတဲ့အမှု ၂ မှုကိုလည်း ကြားနာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးရှောက်ဆန်းက စစ်ကောင်စီရဲ့ သက်သေအနေနဲ့ လာရောက် ထွက်ဆိုခဲ့ပါတယ်။
ဦးရှောက်ဆန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အထိ ထိုင်ဝမ်နိုင်ငံသားတဦးအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဧည့်နိုင်ငံသားဟုတ် မဟုတ်ဆိုတာ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ သံမဏိစက်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားသူတဦးဖြစ်ပြီး လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသူတဦး ဖြစ်ပါတယ်။ ဦးမြင့်ဆွေ ရန်ကုန် တိုင်းဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူခဲ့စဉ်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ လုပ်ကိုင်ခွင့်အများဆုံးရထားတဲ့ လုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ ဒီစီမံကိန်းကို တရုတ် အစိုးရပိုင် အစုရှယ်ယာအများစုပိုင်ဆိုင်တဲ့ China Communications Constructions Construction Company (CCCC) နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့ ဆက်လက် လုပ်ကိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာမှာလည်း ဦးရှောက်ဆန်း ပါဝင်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ ဦးရှောက်ဆန်းအပြင် လုပ်ငန်းရှင် ဦးမောင်ဝိတ် ယာဉ်မောင်းပါ စစ်ကောင်စီသက်သေအနေနဲ့ လာရောက် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို မီဒီယာကိုမပြောဖို့ တားမြစ်ထားတာမို့ အမှုစစ်မေးမှု အသေးစိတ်မသိရပေမယ့် နီးစပ်သူများရဲ့အဆိုအရ ဦးမောင်ဝိတ်ဘက်က ဒီငွေတွေပေးရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းတာမှာ သူ့အနေနဲ့ ဒီငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပေးခဲ့ရတာဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ပြောပါတယ်။
ဖောင်ဒေးရှင်းအတွက် ၃ ခါ ခွဲပေးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဆီကို တိုက်ရိုက်ပေးခဲ့တာ ဟုတ်မဟုတ်ကိုတော့ တိကျစွာ ဖြေဆိုနိုင်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။ ဒီကနေ့မှာ အမှု ၂ မှုစလုံးအတွက် ဦးမောင်ဝိတ်ကို စစ်မေးတာပြီးစီးခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ရုံးချိန်းမှာ စစ်ကောင်စီဘက်က တင်ပြလာတဲ့ သက်သေ ၃ ဦးကို စစ်မေးဖို့ရှိတယ်လို့ သိရပေမယ့် ဘယ်သူတွေ ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။
စေပိုင်ကုမ္ပဏီ ပိုင်ရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာ ၅ သိန်း ရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီခန့်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၂ မှု စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီ ၂မှုကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ စတင် စစ်ဆေးကြားနာခဲ့တာပါ။ နောက်လာမယ့်ရုံးချိန်းမှာတော့ စစ်ကောင်စီဘက်က တင်ပြမယ့် သက်သေတချို့ကို ထပ်စစ်ဖို့ ရှိပါတယ်။ ဒီအမှု ၂ မှုအတွက် ဦးမောင်ဝိတ်အပါ သက်သေ ၁၀ ဦးထက်မနည်း စစ်မေးဖို့ ရှိနေပါတယ်။
ဒီကနေ့စစ်ဆေးတဲ့အမှုတွေကို လာမယ့်တပတ် ဇွန် ၂၁ ရက်အင်္ဂါနေ့မှာ ပြန်လည်စစ်ဆေးကြားနာဖို့ ရုံးချိန်း ထပ်ချိန်းထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ လည်းကောင်းမွန်တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝ ကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ ။ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။
#AungSanSuuKyi #CurrptionCharges #မောင်ဝိတ် #ရှောက်ဆန်း #ဒေါ်အောင်ဆန်းစုကြည် #အဂတိလိုက်စားမှု #ဗွီအိုအေ
============
[[Unicode]]
============