သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်နှင့် VOA သီးခြား တွေ့ဆုံခန်း


 မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia ကို ရန်ကုန်က အီးယူ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှာ ကိုသားညွန့်ဦးကတွေ့ဆုံမေးမြန်း။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia ကို ရန်ကုန်က အီးယူ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှာ ကိုသားညွန့်ဦးကတွေ့ဆုံမေးမြန်း။
ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်ကို အီးယူ ဥရောပသမဂ္ဂ သံအမတ်ကြီးနဲ့အတူ အီးယူ အဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ အခုလအတွင်းမှာ သွားရောက်လေ့လာ ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မကြာခင် ရက်ပိုင်းတွေက မောင်းတောမြို့နယ် ဒူချီရား တန်ကျေးရွာမှာ ပြဿနာ အချို့ရှိခဲ့တာမို့၊ အဲဒီအဖွဲ့ဟာ ဒူချီရားတန်ကျေးရွာကိုပါ သွားရောက်လေ့လာခွင့် ရခဲ့တဲ့ သံအဖွဲ့ဖြစ်ခဲ့ပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia ကို ရန်ကုန်က အီးယူ ဥရောပသမဂ္ဂအဖွဲ့ရုံးမှာ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာပါ။

မေး။ သံအမတ်ကြီးတို့အနေနဲ့ရခိုင်ပြည်နယ် ကွင်းဆင်းပြီး အခြေအနေတွေကြည့်ခဲ့တယ် ဆိုတော့ ဒူချီရာတန်မှာဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ။

ဖြေ။ ဒူချီရာတန်ကို အီးယူအဖွဲ့ဝင် ၇ နိုင်ငံက သံအမတ်တွေနဲ့ အတူ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီမှာ ဘာတွဖြစ်ခဲ့လဲဆိုတာ စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ လုပ်ပိုင်ခွင့် ကျနော်တို့မှာ မပါ ပါဘူး။ ကျနော်တို့ဟာ စုံစမ်းစစ်ဆေးရေးမှာ ကျွမ်းကျင်သူတွေမဟုတ်ပဲ။ သံတမန်တွေဖြစ်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာရှိတဲ့ လူထုနဲ့တွေ့ပါတယ်။ အဖြစ်အပျက်တွေအပေါ် အစိုးရအာဏာပိုင်တွေ ရှင်းပြချက်ကိုလည်း နားထောင်ပါတယ်။ အဲဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအချို့က ပြောဆိုချက်တွေကိုလည်း နားထောင်ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အဖြစ်အပျက်တွေကို နားထောင်တယ်ဆိုပေမယ့်လည်း ကျနော်တို့ဟာ ဘယ်လိုဖြစ်သွားခဲ့လဲဆိုတဲ့ အတည်ပြုချက်တွေလုပ်ဖို့ မဟုတ်ပါဘူး။

မေး။ စွတ်စွဲချက်တွေမှာတော့ အဲဒီကျေးရွာမှာ အမျိုးသားတွေ မရှိဘူးပြောတယ်။ အဲဒါမျိုး မြင်ခဲ့ရလားခင်ဗျ။

ဖြေ။ အမျိုးသားတွေ ကျေးရွာတွေကနေ ထွက်ပြေး သွားရတယ် ဆိုပြီး ဒေသခံတွေပြောတာ သိရပါတယ်။ ဖမ်းဆီးခံရမှာစိုးလို့ ထွက်ပြေး ကုန်ကြတယ်လို့ သူတို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့တနေရာရာမှာ ရှိနေကြပြီး၊ ပြီးရင်တော့ ပြန်လာလိမ့်မယ်လို့ဆိုပါတယ်။

မေး။ ဒီခရီးစဉ်ဖြစ်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက သံအမတ်ကြီး တို့ ပြင်ဆင်ခဲ့တယ် လို့ သိရပါတယ်။ ခရီးစဉ်အပေါ် ကျေနပ်အားရမှုရှိရဲ့လားဗျ။

ဖြေ။ ဟုတ်ပါတယ် ပြီးခဲ့နှစ်ဒီဇင်ဘာကတည်းက စီစဉ်ခဲ့တာပါ။ ဒူချီရာတန်ပြဿနာတွေ မဖြစ်ခင်ကတည်းက ဆိုပါတော့။ ဒါကြောင့် ဒီခရီးစဉ်ဟာ ဒူချီရာတန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်း အတည်ပြုချက်ယူဖို့ မဟုတ်ပါဘူး။ အီးယူ သမဂ္ဂအနေနဲ့က အဖြစ်အပျက်တွေကို သွယ်ဝိုက်ပြီးကြားနေရတဲ့ အခြေအနေထက်၊ တကယ့်လက်တွေ့အခြေအနေ ဘာတွေဖြစ်နေသလဲဆိုတာ ကိုယ်တိုင်မျက်မြင် သိချင်လို့သွားတာပါ။ ဒါ့အပြင် အဲဒီကအခြေအနေတွေကို ကျနော်တို့ စိတ်ဝင်စားမှုရှိတယ်၊ အဲဒီနေရာမှာ ဒုက္ခရောက်နေကြတဲ့ ဗုဒဘာသာဝင်တွေကိုရော မွတ်ဆလင်တွေကိုပါ စာနာနားလည်တယ်ဆိုတာကို ပြချင်လို့လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့အချက်ကတော့ အဖြစ်အပျက်တွေနောက်ပိုင်းက စိတ်ဒဏ်ရာဒဏ်ချက်တွေ၊ ကြောက်ရွံမှုတွေ ဆင်းရဲမွဲတေမှုတွေ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးမှာဖြစ်နေတာပါ။ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းမှာရော မွတ်ဆလင် အသိုင်းအဝိုင်းမှာပါ တွေ့ရပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးရဲ့အမြင်တွေကို မျှမျှတတ သိရဖို့လည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံတွင်းမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုပါ။ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုဒဏ်ကိုပါ ခံစားနေရပါတယ်။ ဒီအခြေအနေကြောင့် အဲဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဆင်းရဲမွဲတေမှုတွေပိုဖြစ်ပြီး ဖွံဖြိုးမှုကိုထိခိုက်စေပါတယ်။ ဒါကြောင့် လူမှုအသိုင်းအဝိုင်းနှစ်အခုအကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုလုပ်ပြီး ပြဿနာတွေကို ဖြေရှင်းတာဟာ နှစ်ဖက်စလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ကျနော့်နောက်ဆုံးမေးခွန်းကတော့ လူသားချင်း စာနာကူညီမှု အထောက်အပံ့ပေးရေးအခြေအနေပါ။ အဲဒီနေရာတွေကို လူသားချင်း စာနာကူညီမှု အထောက်အပံ့တွေ ပေးတဲ့ကိစ္စ ဘယ်လိုများရှိနေပါလဲ။

ဖြေ။ ရခိုင်ဒေသကို အီးယူ ဥရောပသမဂ္ဂ အနေနဲ့ နှစ်ပေါင်းများစွာ ကတည်းက ထောက်ပံ့ကူညီနေတာပါ။ ဆိုက်ကလုံးမုန်တိုင်း ဒဏ်ခံရတုန်းကတည်းက ကူညီထားခဲ့တာပါ။ အခုအချိန်အထိဆိုရင် ရခိုင်ပြည်နယ်အတွက် ယူရိုငွေ သန်း၇၀ ၊ ဒေါ်လာနဲ့ဆိုရင် သန်းတရာကျော် အကူအညီပေးထားပါတယ်။ အဓိကအားဖြင့်တော့ လူသားချင်းစာနာမှု အကူအညီတွေဖြစ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် အကူအညီပေးနေတာပါ။ အခြေအနေတွေ မှန်ကန်ကောင်းမွန်လာရင်၊ အကူအညီတွေ တိုးပေးသွားမှာပါ။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ကတော့ အစိုးရအပြင် အောက်ခြေမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်အာဏာပိုင်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကူအညီပေးသွားဖို့ ပိုင်းဖြတ်ထားပါတယ်။ အကူအညီတွေကိုလည်း မျှမျှတတနဲ့ ဘက်လိုက်မှုမရှိပဲ ထောက်ပံ့သွားမှာပါ။ လူထုအတွက် မျှော်လင့်ချက်တွေ တိုးလာအောင်၊ တင်းမာမှုတွေ လျှော့ပါး လာအောင် ကြိုးပမ်းကူညီသွားမှာပါ။ ရခိုင်ပြည်နယ်ဟာ နယ်ပယ် အတော်များများမှာ စီးပွားဖွံဖြိုးတိုးတက်လာနိုင်တဲ့ အလာအလာကောင်းတွေ ရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ခရီးသွားလာရေး လုပ်ငန်းနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမှု ဒါတွေဟာ ရခိုင်ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေမယ့်ဟာတွေပါ။

မေး။ ဒါပေမယ့် ပြဿနာတခုကတော့ ပြီးခဲ့တဲ့ဖြစ်ရပ်အပေါ် အစိုးရ ကနေပြီးတော့ နိုင်ငံတကာက အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေကို အပြစ်တင်တာရှိပါတယ်။ ဒါကြောင့် အဲဒီဒေသတွေကို လူသားချင်းစာနာမှု အကူအညီပေးရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် ကန့်သတ်တာမျိုးတွေရှိပါလား။

ဖြေ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ဒေသအပေါ်မှာ စိတ်စေတနာကောင်းတွေရှိပါတယ်။ သူတို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြပါတယ်။ တခါတရံမှာတော့ အမှားအယွင်းတွေရှိမယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေရှိပါတယ်။ အခုတော့ အကူအညီတွေပေးဖို့ ပိုပြီးကောင်းမွန်မယ့် နည်းလမ်းတွေကို တွေ့လာပါတယ်။ ပိုပြီး မျှမျှတတဖြစ်အောင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ပါ။ ပိုပြီးတော့ ထိစပ်ဆွေးနွေးဆောင်ရွက်သွားမှာပါ။

ဒါပေမယ့်လည်း ကျနော်တို့ ငွေကြေးထောက်ပံ့ထားတဲ့ ကျနော်တို့နဲ့ လက်တွဲဖက် အဖွဲ့အစည်းတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အားလုံးဟာ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် ဆောင်ရွက်ပေးနေတာပါ။ လိုအပ်ချက် အပေါ် အခြေခံပြီး ဆောင်ရွက်နေကြတာပါ။ ဒါကြောင့် လိုအပ်ချက် အများဆုံးရှိနေတဲ့လူတွေ၊ ဒုက္ခဆင်းရဲအတော်လေးရောက်နေတဲ့လူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေပေးတာပါ။ ဒါပေမယ့် အကူအညီတွေက မပြည့်စုံသေးပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်းတွေကို ကျနော်အာမခံပြောလိုတာက ကျနော်တို့အကူအညီပေးတာ ရည်ရွယ်ချက်စေတနာအမှန်နဲ့ပါ။ ဒါကို ညှိုနှိုင်းဆွေးနွေးနိုင်ရင် အခြေအနေတွေ ပို တိုးတက်လာပါလိမ့်မယ်။

ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရော ဒေသခံလူမှုအသိုင်းအဝိုင်းတွေကပါ အပြန်အလှန်တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။ ဒါဆိုရင်တော့ ရခိုင်ပြည်နယ်တွင်းက လူထုအားလုံးအတွက် ပိုပြီး အကျိုးဖြစ်စေပါလိမ့်မယ်။ ဗုဒ္ဓဘာသာ လူမှုအသိုင်းအဝိုင်းအတွက်လည်း လိုအပ်ချက်တွေရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ လူမှုအသိုင်းအဝိုင်းတွေရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားခဲ့ပါတယ်။ သူတို့ကျေးရွာတွေ မီးရှို့ခံရလို့ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတာပါ။ ဒီလိုအခြေအနေတွေကို လက်ခံလို့မရပါဘူး။ ဒါကြောင့် အဲဒီက လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးအတွက် မျှမျှတတ အကူအညီတွေ ပေးသွားရမှာပါ။

ဒါကြောင့်လည်း တကယ်တမ်း ကွင်းဆင်းပြီးလုပ်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ အဲဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို သွားလာ ထိတွေ့ဆက်ဆံခွင့်ပေးသင့်ပါတယ်။ အကန့်အသတ်တွေမထားသင့်ပါဘူး။ အရေးကြီးတဲ့အချက်က ဒီအဖွဲ့အစည်းတွေဟာ အစိုးရက လက်ခံခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်ကြတာပါ။

သူတို့အနေနဲ့ အဲဒီမှာ လုပ်ကိုင်ခွင့်ရဖို့ သဘောတူညီထားတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြတာပါ။ အစိုးရက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်နေကြတာပါ။ ဒါကြောင့် သူတို့ရဲ့လုပ်ငန်းတွေ ဆက်လုပ်ခွင့်မရတာ ဘာကြောင့်လဲဆိုတာ ကျနော်တို့နားမလည်ဖြစ်ရပါတယ်။ အီးယူအနေနဲ့ကတော့ ကျနော်ပြောခဲ့သလို အကူအညီပေးရေးလုပ်ငန်းတွေ တိုးမြင့်လုပ်သွားပါမယ်။ ဒါပေမယ့်လို့ လက်တွေ့ အကူအညီပေးရေးလုပ်ငန်းတွေ အတတ်နိုင်ဆုံးလုပ်သွားနိုင်ဖို့ အခြေအနေ လိုပါတယ်။

မေး။ ကျေးဇူးတင်ပါတယ် သံအမတ်ကြီးခင်ဗျ။
XS
SM
MD
LG