[[Zawgyi/Unicode]]
မြောက်ကိုရီးယားဘက်က စစ်လေယာဉ် ၁၈၀ လှုပ်ရှားပျံသန်းတာကို ဒီနေ့ ထောက်လှမ်းတွေ့ရှိလိုက်ပြီးပြီးချင်း တောင်ကိုရီးယားဘက်ကလည်း တိုက်လေယာဉ်တွေ အလျင်အမြန် ပျံသန်းပြီး အသင့်အနေအထားလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒီနေ့ သောကြာနေ့ ဒေသစံချိန် မနက် ၁၁ နာရီလောက်ကစပြီး လေးနာရီကြာအောင် မြောက် ကိုရီးယားကမ်းရိုးတန်းအတွင်းနဲ့ အပြင်ဘက်မှာ စစ်လေယာဉ်တွေပျံသန်းနေတာကို ထောက်လှမ်းတွေ့ရှိရတာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဒီအခြေအနေကို တုံ့ပြန်ပြီးတော့ F-35 A stealth တိုက်လေယာဉ်တွေအပါအဝင် တိုက်လေယာဉ် ၈၀ ကို အလျင်အမြန် ပျံသန်းနေရာယူခဲ့ရတယ်လို့ တောင်ကိုရီယားစစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း မြောက်ကိုရီးယားဘက် စစ်လေယာဉ် ၁၀ စင်းလောက် နယ်စပ်အနီး ရောက်လာတာမို့ တောင်ကိုရီးယားလေတပ်က တုံ့ပြန်စစ်ဆင်ရေးအတွက် ပြင်ဆင်ခဲ့ရပါတယ်။ အခုအချိန်မှာ အရေးပေါ်ပျံသန်းခဲ့ရတဲ့ စစ်လေယာဉ် ၈၀ အပြင် အမေရိကန်နဲ့ တောင်ကိုရီးယား လေယာဉ်စုစုပေါင်း ၂၄၀ ဟာ ကြီးမားတဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေကြတယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ မြောက်ကိုရီးယားဘက်ကပစ်လွှတ်နေတဲ့ ဒုံးကျည် ၃၀ ရှိနေပြီး တောင်ကိုရီးယားနဲ့ ဂျပန်ပိုင်နယ်တွေအထိ ဒုံးကျည်ကျရောက်မှုတွေရှိတဲ့အတွက် အရေးပေါ်လေကြောင်းသတိပေးချက်တွေ လုပ်ခဲ့ကြရပါတယ်။
=================
[[Unicode]]