သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားနဲ့ သမိုင်းအမွေ


အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး ခေါင်းဆောင် ကွယ်လွန်သွားသူ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား။
အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး ခေါင်းဆောင် ကွယ်လွန်သွားသူ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား။
ကွယ်လွန်သွားသူ တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် မန်ဒဲလားဟာ နိုင်ငံအကူးအပြောင်းတွေမှာ အဖြစ်အပျက်တွေကို မေ့လို့တော့ မရပါဘူး၊ ဒါပေမယ့် ခွင့်လွတ်ပြီး ရှေ့ဆက်သွားရမယ်ဆိုတဲ့ အသိတရားကို ဖွင့်ချပေးခဲ့သူဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါ်ဖြူဖြူက သုံးသပ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလားရဲ့ သမိုင်းမှာကျန်ရစ်ခဲ့တဲ့ အမှတ်တရတွေကို ကိုသားညွန့်ဦးက ဒေါ်ဖြူဖြူကို မေးမြန်းတင်ပြပေးထားပါတယ်။

ကိုသားညွန့်ဦး- မေး- ဒေါ်ဖြူဖြူခင်ဗျား၊ တောင်အာဖရိကနိုင်ငံရဲ့ ပထမဦးဆုံး လူမည်းသမ္မတ Nelson Mandela ကွယ်လွန်သွားပါတယ်ခင်ဗျာ။ သူနဲ့ပတ်သက်လို့ သမိုင်းတန်ဖိုးပေါ့-သမိုင်းပညာရှင်တစ်ဦးအနေနဲ့ ဘယ်လိုအကဲဖြတ်မိပါသလဲခင်ဗျ။

ဒေါ်ဖြူဖြူ - ဖြေ- သူက နှစ်ပေါင်း ၂၇ နှစ်လေ၊ အသားရောင် ခွဲခြားမှုအတွက် တောင်အာဖရိကတိုက်မှာ သူ အကျဉ်းချခံထိတယ်ပေါ့နော်။ သူထောင်ကျတဲ့အခါမှာ တစ်ကမ္ဘာလုံးကလည်း ဒီ အသားရောင်ခွဲခြားတာနဲ့ ပတ်သက်ပြီး လူတွေက အကုန်လုံး သူ့လွတ်မြောက်ရေးလည်း ပြောလာတယ်။ သူထောင်ကနေ ထွက်လာတဲ့အခါကျတော့ သူက အရင်လိုမဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ပြီးတော့ သူ့ကိုအရင်တုန်းက ထောင်ချသူတွေကိုပဲ သူက ခွင့်လွှတ်တယ်။

ဒီတိုင်းပြည်အတွက် ပြန်ကောင်းဖို့အတွက် အကောင်းဆုံးဖြစ်အောင် သူတို့ ပြန်လုပ်မယ်။ ခွင့်လွှတ်ခြင်းဆိုတာနဲ့ သူက ထွက်လာတယ်။ အဲဒါ တော်တော်အံ့ဩဖို့ကောင်းတယ်။ သူဝင်တုန်းကတော့ သူ အလွန်တရာ ခံပြင်းပြီးတော့၊ ဒေါသတွေထွက်ပြီးတော့ ခွင့်လွှတ်ချင်မှ ခွင့်လွှတ်မယ်။ သူထောင်ထဲ မဝင်ခင်တုန်းက။
ဒါပေမယ့် ထောင်ထဲက ထွက်လာတဲ့ အခါကျတော့ အရင်တုန်းက ပြီးခဲ့တာတွေပြီးခဲ့ပြီ။ အဲတော့ ဒါတွေကို အားလုံး ပြန်လည်သင့်မြတ်ဖို့အတွက် အဲဒါကို သူပြောတာ။ သူ့တိုင်းပြည်ဟာ လူတန်းစားအစုံ ရှိရမယ်။ ရိန်းဘိုး ရောင်စုံဖြစ်ဖို့အတွက် သူက လှုံ့ဆော်ခဲ့တာကိုတွေ့ရတယ်။ အဲဒါ တော်တော်ထူးဆန်းဖို့ ကောင်းတယ်။

ကိုသားညွန့်ဦး- မေး- နောက်တစ်ခုက သူထောင်က ထွက်ပြီးနောက်မှာ ဒေါ်ဖြူဖြူပြောသလိုပဲ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ခဲ့သလိုပဲ သမ္မတအဖြစ်က အနားယူပြီးနောက်ပိုင်းမှာကော တခြားဘာတွေ လုပ်ဆောင်နိုင်တာတွေ တွေ့ရသေးသလဲခင်ဗျ။

ဒေါ်ဖြူဖြူ - ဖြေ- အနားယူပြီးတော့အခါ သူ့တိုင်းပြည်တစ်ခုတည်းတင်မကဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အဲလိုမျိုး ညီမျှမှုပေါ့။ ဘာမဆို ညီမျှမှုအတွက် သူအဲဒါ လုပ်လာတာတွေ့ရတယ်။ သူကဘာပြောသလဲဆိုတော့ လူတွေကို စိတ်ရှည်ရမယ်။ ပြောင်းလဲဖို့၊ တစ်ခုကနေတစ်ခု ပြောင်းလဲဖို့အတွက်ကို စိတ်ရှည်ရမယ်။ စနစ်တစ်ခုကနေ စနစ်တစ်ခု ပြောင်းလဲဖို့အတွက် မြန်မြန်ဆန်ဆန်လုပ်လို့တော့မရဘူး။ ဒါတွေက။ အားလုံးက လူတွေ နားလည်မှု ရှိရမယ်။ စိတ်ရှည်ရမယ်ဆိုတာမျိုးပေါ့။ အဲဒါမျိုး လုပ်လာတာတွေ့ရတယ်။ နောက်ပြီးသူက ကမ္ဘာမှာ စစ်နဲ့ ပတ်သက်ရင်လည်း သူက မကြိုက်ဘူး။ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ ဘုရှ်လက်ထက်မှာတောင် ကမ္ဘာအနှံ့မှာ အမေရိကန်သမ္မတ ဘုရှ်လက်ထက်တုန်းက စစ်တွေတိုက်တာကိုး။ အဲဒါကိုသူ စစ်နဲ့ပတ်သက်ရင် ဆန့်ကျင်ခဲ့တယ်။

ကိုသားညွန့်ဦး- မေး- မစ္စတာမန်ဒဲလား အနေနဲ့ အခုကွယ်လွန်သွားခဲ့ချိန်မှာ သူ့ရဲ့ legacy - ပေါ့နော်။ တန်ဖိုးထားစရာဆိုရင် ဒေါ်ဖြူဖြူ ဘာများ တွေ့မိပါသလဲ။

ဒေါ်ဖြူဖြူ - ဖြေ- ခွင့်လွှတ်ခြင်းပဲ ကျမတော့မြင်တာပဲ။ သူကပြောတယ်လေ။ သူ့ရဲ့မွေးနေ့မှာတောင် ကမ္ဘာအနှံ့ကနေ တိုင်းပြည်ခေါင်းဆောင်တွေလာတယ်။ လာတဲ့အခါမှာ သူ့မွေးနေ့မှာ သူ့ကို အကျဉ်းချတဲ့ အကျဉ်းထောင်က ဝန်ထမ်းပေါ့နော်။ သူ့ကိုအနီးကပ်ပြီး ထောင်ချခဲ့သူတွေကိုလည်း သူကဖိတ်တယ် ဆိုတော့ သူက ဆိုလိုချင်တာက သူကပြတယ်လေ။ လူတွေကိုလေ။ တိုင်းပြည်တစ်ခုကို ကောင်းအောင်လုပ်ဖို့အတွက် နာကျည်းနေရင် ဘယ်လိုလို့ရမလဲ။ ဒါ သူပြတာပဲ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ဒါ အတုယူဖို့ လိုတာပေါ့နော်။ ပြီးခဲ့တာလည်း ပြီးပြီပေါ့။

တိုင်းပြည်တစ်ခုကောင်းအောင်အတွက် ကိုယ့်တိုင်းပြည်ကောင်းလာဖို့အတွက်ကို ခွင့်လွှတ်ရမယ်။ ဟိုဖက်ကလည်း နားလည်ပေးရမယ်။ တစ်ခုတော့ရှိတယ်လေ- မေ့ပျောက်လို့တော့မရဘူးလေ။ ဒီလိုမျိုး ဖြစ်ပျက်ခဲ့တဲ့ဟာကို။ လူမည်းတွေက သူတို့မှာ တော်တော်လေးကို လူမှုရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အရမ်းကို ဖိနှိပ်ခံခဲ့ရတာကိုး။ မေ့လို့တော့မေ့မရဘူး။

ဒီသမိုင်းမှာတော့ ဒီအဖြစ်ကတော့ ရှိမှာပဲ။ ဒါပေမယ့် ဒီ South Africa ကြီးနော်၊ အသစ်တဖန်ဖြစ်လာတဲ့ South Africa ကြီးမှာတော့ တစ်ယောက်နဲ့တစ်ယောက် နာကျည်းနေလို့တော့မရဘူး။ ခွင့်လွှတ်ခြင်းနဲ့ပဲ တိုင်းပြည်ကို တည်ဆောက်ရမယ်။ အဲဒါဟာ သူ့ရဲ့ legacy ပဲလို့ ကျမက ထင်တာပါပဲ။

ကွယ်လွန်သူ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားအကြောင်း တစ်စေ့တစ်စောင်းကို သမိုင်းပညာရှင် ဒေါ်ဖြူဖြူကို ကိုသားညွန့်ဦးက မေးမြန်းတင်ပြခဲ့တာပါ။
XS
SM
MD
LG