သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း မဲအိုးကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ


ဒီပဲယင်းမြို့
ဒီပဲယင်းမြို့


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေလုပ်စဉ်အတွင်း ဒီပဲယင်းမြို့အနီးက မဲအိုးကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း နောက်ထပ်ကျေးရွာက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ မိုးကြီး လေကြီးကျလို့ ဘေးလွတ်ရာခိုလှုံနေကြရသူတွေ ဒုက္ခရောက်နေကြပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက ဧပြီ ၁၈ ရက်ကစလို့ နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁၉ ရက် အင်္ဂါနေ့ နေ့လယ်ပိုင်းမှာတော့ ဒီပဲယင်းမြို့နဲ့ ရေဦးမြို့ကြားက မဲအိုးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေထဲဝင်ပြီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ ၁၈ ရက်ကတည်းက စစ်ကြောင်းတွေထိုးလာတယ်။ ထိုးလာပြီးတော့ တိုက်ပွဲဖြစ်တာမျိုးဘာမျိုးမရှိဘူး။ ဒီလိုပဲထိုးလာပြီးတော့ ဒီပဲယင်းဘက်ကလည်း ထွက်လာတယ်။ ရေဦးဘက်ကလည်း ထွက်ပြီးတော့ ဒီပဲယင်းနဲ့ ရေဦးကြားမှာရှိတဲ့ အောင်သာကျးရွာကနေ ဒီပဲယင်းမြို့နယ်ထဲက မဲအိုးကျေးရွာအုပ်စု မဲအိုးကျေးရွာကို ဝင်ပြီးတော့ အခု မီးခိုးတွေလည်း မြင်နေရတယ်။ အရင်က စစ်ကောင်စီက ဝင်မီးရှို့တာတွေလည်း မဖြစ်ဘူးဖူးဗျ။ သူတို့က ဒီလိုပဲ အေးဆေးနေတဲ့ရွာဗျ။ အဲ့ဒါမီးရှို့နေတာကို ကျနော်တို့မြင်နေရတယ်။ ဘယ်နှစ်အိမ် မီးရှို့ခံရတယ်ဆိုတာတော့ မပြောနိုင်ဘူး။ မကြည့်ရဲဘူး။ အဲ့အနီးအနားကျေးရွာတွေ အကုန်လုံးတော့ ရှောင်နေကြရပြီပေါ့။”

စစ်ကောင်စီကတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် မဲအိုးကျေးရွာအပါအဝင် လက်ယက်ကုန်း ၊ ညောင်ကြီးကုန်း၊ မူးကတွင်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ မဲအိုးကျေးရွာအနီးက ညောင်လှကျေးရွာကို ၂၀၂၁ နိုဝင်ဘာလတုန်းက စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ဒေသခံအချို့သေဆုံးခဲ့ရဖူးပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းထဲမှာ ခုလိုနယ်မြေရှင်းနေကြသလို မကွေးတိုင်းထဲက ပခုက္ကူခရိုင်ထဲမှာလည်း တရွာဝင်တရွာထွက် နယ်မြေရှင်းလင်းရေးလုပ်နေကြပါတယ်။ ဧပြီ ၇ ရက်ကတည်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ ပေါက်မြို့နယ် တောင်ပိုင်းမှာလည်း ကျေးရွာတွေ မီးရှို့ရှင်းလင်းခံနေကြရပါတယ်။ ဧပြီ ၁၈ ရက် ညပိုင်းနဲ့ ဧပြီ ၁၉ ရက် မနက်ပိုင်းတို့မှာ ပေါက်မြို့နယ် တောင်ပိုင်းက ချောင်းဇုံကျေးရွာက နေအိမ်တွေကို မီးရှို့သွားတယ်လို့ ချောင်းဇုံ ကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“ညတုန်းက ၇ နာရီခွဲမှာ စစ်ကောင်စီတပ်က အနောက်ကနေ စစ်ကြောင်းထိုးပြီးအပြန် ကျနော်တို့ရွာကို ဝင်ပြီးတော့မှ စရောက်ရောက်ချင်းပဲ မီးရှို့သွားတယ်ခင်ဗျ။ စစ်ဝတ် စစ်စုံတွေနဲ့ပါ။ သူတို့ ဝင်တဲ့ရွာတိုင်းကို မီးရှို့နေတာဆိုတော့ သူတို့ စစ်ကြောင်းထိုးလာပြီဆိုတာသိလို့ ကျနော်တို့ ပြည်သူတွေအကုန်လုံးက ရှောင်နေပါတယ်။ အနီးကပ်ရှိတဲ့ ကမ်းပါးတနေရာကနေ သူတို့ဝင်လာတဲ့လမ်းကို စောင့်ကြည့်နေတော့ သူတို့ရွာကို ဝင်ဝင်ချင်း တောက်လျှောက် တန်းပြီး ကြက်တွေဖမ်းတယ်။ အိမ်တွေ လိုက်မွှေတယ်။ မတွေ့ေ တော့ မီးရှို့သွားပါတယ်။
...ညတုန်းကလည်း သူတို့ ရွာမှာနေပြီးတော့ ကြက်တွေ ဝက်တွေကို ချက်ပြုတ်စားသောက်ပြီးနေတယ်။ နေပြီး မီးရှို့တယ်။ ရှို့ပြီး မနက်ကျတော့ ကျန်တဲ့အိမ်တွေကို ရှို့ပြီး ထွက်သွားတယ်ခင်ဗျ။ သူတို့က ညကမြောက်ပိုင်းကို ဝင်ရှို့ပြီး တောင်ပိုင်းကိုထွက်တော့ ကျနော်တို့ ဝင်လု့ိရသလောက် ဝင်ပြီးငြိမ်းတယ်။ ငြှိမ်းလို့ ရတဲ့ ၄/၅ လုံးလောက် အိမ်တွေကို သူတို့မနက်ကျတော့ ပြန်ရှို့တာပဲခင်ဗျ။”

ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်တွေ ဝင်ရောက်နယ်မြေရှင်းနေလို့ ကျေးရွာ ၁၀ ရွာထက်မနည်းက ရွာသူရွာသားတွေ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေနေကြရပါတယ်။ အခုရက်ပိုင်း အဲဒီနေရာတွေမှာ ရက်ဆက် မိုးသည်းထန်နေတာကြောင့် ပုန်းခိုနေသူတွေ အတော်လေး အခက်တွေ့နေကြတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနေ့ကလည်းသည်းတယ်။ မနေ့က မိုးသီးတွေကောကျတာ။ ဒီနေ့က မိုးသီးတော့မပါဘူး။ လေက မနေ့ ကထက် ပိုကြမ်းတယ်ခင်ဗျ။ မိုးကလည်း တော်တော်ရွာတယ်။ ချောင်းရေတွေလည်း လာနေတာ။ ဒုက္ခသည်အခြေအနေက တဲတွေက လေလှန်သွားတာပေါ့ဗျာ။ မိုးတွေကော လေတွေကော ဟိုကလှည့်ပက် ဒီကလှည့်ပက်နဲ့ ရှိသမျှဟာလေးတွေအကုန်စို မိုးကာနဲ့နေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ နေစရာတွေက မရှိဘူး။ နဂိုကမှ တဲလေးတွေက ငယ်ငယ်လေးတွေ အဲ့ဒါကို လေလှန်တာတွေ ဖြစ်တာပေါ့။ စပါးတို့ ပစ္စည်းတွေက တနေရာသွားထားရတာဗျ။ တကယ်လို့ ပြေးလို့ရှိရင် လူလွတ်ပြေးရအောင်လို့ ပစ္စည်းတွေကို ပုန်းလျှိုကွယ်ကြားမှာ စင်လေးတွေထိုးပြီးမှ ဆန်အိတ်စပါးအိတ်တွေကို တင်ထားရတာ။ အဲ့ဒါတွေပါ မိုးစိုတာပေါ့။”
ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သား ၈ ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။ တောင်ချိုကျေးရွာမှာ သက်ကြီးရွယ်အို အဖွား ၁ ဦး မီးလောင်သေဆုံးခဲ့သလို တစူးကျေးရွာမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျလို့ ကျေးရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း စစ်ကောင်စီက မီးရှို့တာကြောင့် ပေါက်မြို့တောင်ပိုင်းက ကျေးရွာ ၁၂ ရွာ၊ နေအိမ် ၄၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၁ သောင်း ၁ ထောင်ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

#MyanmarViolence #SagaingFighting #VOABurmese #ဒီပဲယင်း #မဲအိုးကျေးရွာ #စစ်ကောင်စီ #မီးရှို့ #ဗွီအိုအေ
==============

[[Unicode]]











==============

XS
SM
MD
LG