[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်း မြစ်ရိုးအောက်ဘက် ကျေးရွာ ၂ ရွာ ရွာလုံးကျွတ် မီးရှို့ခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ကျေးရွာတွေအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်း မြစ်ရိုးအောက်ဘက်က ကျေး ရွာတွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၂၅ ရက်ကစလို့ နယ်မြေရှင်းလင်းနေပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ချင်းတွင်း မြစ်ရိုးအောက်ဘက်က သံပေါက်ကျေးရွာအနီးမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေက သံပေါက်ကျေးရွာကို မီးရှို့ခဲ့ပြီး ဧပြီ ၂၆ နဲ့ ဒီကနေ့ ဧပြီ၂၇ ရက်တို့မှာ ဇင်ကလဲ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ သံပေါက်ကျေးရွာနဲ့ ဇင်ကလဲ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ မင်းကင်းဒေသခံတဦးက အခုလိုပြောပါတယ်။
“ဇင်ကလဲက စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ ကျန်တာအကုန်လောင်သွားတယ်။ အခုမနက် ၁၀ လုံးလောက်ကျန်တာကို ဒီနေ့မနက် ထပ်ပြီးရှို့ပစ်တာ။ မနေ့က မီးရှို့ ရှို့ပြီး ၁၀ လုံးလောက်ကျန်တာကို ဒီကနေ့ မနက် ထပ်ရှို့တယ်။ ကုန်သွားပြီဗျ တအိမ်မှ မကျန်တော့ဘူး။ သံပေါက်ကလည်း အဲ့လိုအရှို့ခံရတယ်။ သံပေါက်က သူတို့ရွာကို မီးရှို့မှာတို့ အပြတ်ချေမှုန်းမှာတို့ တိုက်ခိုက်မှာတို့ ကြေညာထားလို့ လူတွေက တောထဲကို ရှောင်နေကြရတာ။ အဲဒီအချိန်မှာ သူတို့က သံပေါက်ကိုဝင်ပြီး ညအိပ်၊ ပထမညက ၁၄ လုံးမီးရှို့ ပစ်တယ်။ လောင်းပြည့်ကိုရောက်ပြီး သံပေါက်ကို တခါလာပြီး မီးရှို့တယ်။ သံပေါက်ကတော့ အိမ်ခြေ ၄၅ အိမ်လောက်တော့ ကျန်လိုက်တယ်။ ကျန်တာက အကုန်လောင်သွားတယ်။ ဒုက္ခသည်တွေက ဒီလိုပဲ ဖြစ်သလို နေထိုင်ပြီးတော့မှ သူများလှူတန်းတဲ့ဟာတွေနဲ့ စားသောက်နေရတာ တောထဲမှာ။ သံပေါက်ဆိုရင် ၂ ထောင်နားနီးနီး ၁,၈၀၀ လောက်ရှိတယ်။ ဇင်ကလဲကောဆိုရင် ၃ ထောင်လောက်ရှိတာ။”
သံပေါက်နဲ့ဇင်ကလဲ ကျေးရွာတွေမီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။
“သူတို့က အင်အားအလုံးအရင်းနဲ့ ပြီးတော့ ကျနော်တို့ဘက်က ရဲဘော်တွေ ထောင်ထားတဲ့ မိုင်းကိုမိသွားတာ။ ၈ လုံးတွဲ ပဒေသာမိုင်းကိုမိသွားတာ။ သူတို့ ဘယ်နယောက်သေလဲတော့မသိဘူး။ အဲ့ဒါသေလို့ မီးတွေရှို့နေတာ။”
သံပေါက်ရွာနဲ့ဇင်ကလဲရွာဟာ ချင်းတွင်းမြစ်ရိုးအောက် ချင်းတွင်းမြစ်ရဲ့ အရှေ့ ဘက်ကမ်းနဘေးမှာ တည်ရှိတာ ဖြစ်ပြီး အခုက ပထမဆုံးအကြိမ် ရွာလုံးကျွတ်မီးရှို့ခံရတာလည်းဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလထဲမှာလည်း ဇင်ကလဲ ကျေးရွာရဲ့ တဘက်ကမ်းဖြစ်တဲ့ မြစ်အနောက်ဘက်က ဘင်၊ အုတ်နှံဘုတ်၊ ညောင်ပင်သာတို့ မှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီက မီးရှို့ တာလို့ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေမီးရှို့ခံရတာနဲ့ သတ်ဖြတ် ခံရမှုဖြစ်စဉ်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေကလုပ်တာလို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုတာလည်းရှိပါတယ်။ ဒါ့အပြင် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကျေးရွာတွေကို အခြေပြုလှုပ်ရှားရာမှာ၊ နယ်မြေရှင်းလင်းရေးကို သူတို့ဘက်က အတော်လေး သတိထားဆောင်ရွက်ခဲ့ပါတယ်လို့လည်း စစ်ကောင်စီက ပြောခွင့်ရသူက ဖြေရှင်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် ဒေသခံပြည်သူတွေဟာ လက်နက်ကိုင်ခုခံတာတွေ ပြုလုပ်လာကြပြီး အထူးသဖြင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (ORCHA) ရဲ့ မတ် ၂၂ ရက်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တွေကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှာထွက်ပြေးနေရသူ ၅ သိန်းကျော်ရှိပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရပ်စွန့်ခွါထွက်ပြေးသူ ၂ သိန်း ၇ သောင်းကျော် (၂ ၇၂,၉၀၀) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
#MyanmarViolence #SagaingFighting #VOABurmese
#မင်းကင်းစစ်ဘေးရှောင် #ရွာမီးရှို့ #ချင်းတွင်းမြစ်ရိုး #သံပေါက် #ဇင်းကလဲ #ဗွီအိုအေ
==================
[[Unicode]]
#MyanmarViolence #SagaingFighting #VOABurmese
==================