[[Zawgyi/Unicode]]
ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီစစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်။ ရွေဘိုမြို့နယ်ထဲ ဂွေးပင်ကုန်းရွာကို စစ်ကောင်စီတပ်တွေက မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဂွေးပင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ခဲ့သလို သဲကျွန်းရွာ၊ ရွာသစ်ကုန်းရွာနဲ့ ငပိအိုးရွာတွေကိုပါ ဆက်တက်သွားပြီး အိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က သတင်းပေးပို့ပါတယ်။
ရွှေဘိုမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် ရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ် ။ ဂွေးပင်ကုန်းကျေးရွာကို မေလ ၁၂ ရက် မနက် ၈ နာရီခွဲ ဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၁၉ လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီတခါကတော့ နောက်ထပ်လာရှို့အုံးမလားတော့ မသိဘူး။ လောင်သွားတာ အိမ်ခြေအလုံး ၁၉ လုံးပါဗျာ။ ကျနော်တို့ရွာရဲ့ တောင်ဘက်၊ သဲကျွန်းရွာရဲ့ အရှေ့ဘက်က တောထဲက တဲတိုက်တွေကိုလည်း အကုန်ရှို့ သွားတယ်ဗျာ။”
မေလ ၁၁ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်လာတာကြောင့် ဂွေးပင်ကုန်းကျေးရွာက တရွာလုံး ဘေးလွတ်ရာကို ရှောင်ကြပေမယ့် ရွာသား ၃ ဦး အဖမ်းခံလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။
“ကျနော်တို့ ရွာကတော့ အဖမ်းခံရတာ သားအဖ ၃ ယောက်ပါသွားပါတယ်။ မနေ့ကတဲ့ဗျာ။ ကျနော်တို့လည်း ခုမှသိရတာ။ လူသားဒိုင်း ပုံစံမျိုးနဲ့ သူတို့စစ်ကြောင်းအတိုင်း ခေါ်သွားပါတယ်ဗျာ။”
ဂွေးပင်ကုန်းကနေ ငပိအိုး အထိ ကျေးရွာတွေဟာ အရင်တခေါက် စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကြောင့် မီးရှို့ခံခဲ့ရဖူးပြီး ခုတခေါက်က ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ငပိအိုးရွာပေါ့၊ အခု ငပိအိုးရွာထဲကို ဝင်နေပြီဗျ။ ငပိအိုးက ခုဆိုရင် ၂ ကြိမ်မြောက်ကျမှာဗျ။ ပထမ တပြန်တုန်းကလည်း ရွာတဝက်လောက် ကျိုးသွားတယ်။ ခုတပြန်ကိုလည်း ရှို့ပြန်ပြီဗျ။ ဂွေးပင်ကုန်းက စရှို့တာ။ ပထမတဖြတ်တုန်းကလည်း။”
ရွေဘိုမြို့ အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတခုဖြစ်တဲ့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
“ရွာသစ်ကုန်းမြောက်ဖက်ထိပ် ချောင်းရိုးထိပ်ကနေ တကြောင်း၊ ကုန်းပေါ်ဘက်ကနေ တကြောင်း ငပိအိုးကို စစ်ကြောင်းချီလာတယ်ဗျ။ ကျနော်တို့ နတ်တောင်နဂါးအဖွဲ့က အဲ့ဒါကို အကြွေးလိုက်တောင်းတဲ့ အနေနဲ့ သူတို့ထိပ်ကနေ မိုင်းကွင်းတည်ပြီးတော့ ဆွဲခဲ့တယ် ၂ ချက်။ ၂ ချက်တော့ ကျနော်တို့ ဆွဲခဲ့တယ်။ သူတို့ အနည်းဆုံးကတော့ ၁၅ ယောက် ၂၀ ထိမှာဗျ။ အသေအကြေအပျက်အစီးကတော့ အတိအကျ မသိရသေးဘူး။ ပထမတချက်ဆွဲတာကတော့ အပြုံကြီးလိုက်ကို မှန်တာဗျ။ နောက်တချက်ကတော့ အဲ့ကထိုးတက်လာပြီးတော့ ဝိုင်းတဲ့အချိန် ချောင်းထဲက စစ်ကြောင်းကို ဆွဲလိုက်တာ။ ခဏလေးနေတာ့ သူတို့က ထင်တဲ့အတိုင်းပဲ ကျနော်တို့ ခဏနားတဲ့တဲစုကို မီးတင်တာ။ မီးတင်ပြီးတော့ အဲဒီဘက်နားလေးမှာ မိုင်း ၃ လုံးကွဲပြီးတဲ့ နောက်ပိုင်း ကျနော်တို့လည်းဆုတ်လာပေးရတယ်ဗျ။”
ရွေဘိုမြို့နယ်ထဲက ကျေးရွာတချို့ အခုလို မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမယ့် စစ်ကိုင်းတိုင်းအတွင်း နေရာတချို့မှာ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ကျေးရွာတွေထဲ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်တာကြောင့် နယ်မြေရှင်းလင်းမှုတွေလုပ်နေတယ်ဆိုတာတော့ မကြာမကြာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိုးပစ်အိမ်ပစ် စစ်ပြေးဒုက္ခသည်တွေအများအပြားရှိလာတာ ကြောင့် အာဆီယံအသင်းအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ဆောင်ရွက်နေရာမှာ ကနဦးအားဖြင့် သတ်မှတ်နယ်မြေထဲမှာ စစ်ကိုင်းတိုင်းဒေသလည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ရှိနေတာမို့ ဘယ်လိုပုံစံမျိုးနဲ့ ထိထိရောက်ရောက်ကူညီနိုင်မလဲဆိုတာတော့ ရေရေရာရာမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွေဘိုနဲ့ ကလေးမြို့ကလွဲလို့ ကျန်တဲ့ မြို့နယ်တိုင်းမှာ စစ်ကောင်စီက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးတွေပါ ခက်ခဲနေကြရပါတယ်။
#MyanmarViolence #Shwebo #VOABurmese #ရွှေဘိုရွာသစ်ကုန်း #ရွှေဘိုဂွေးပင်ကုန်း #စစ်ကောင်စီမီးရှို့ #ဗွီအိုအေ
===========
[[Unicode]]
===========