[[Zawgyi/Unicode]]
ကမ္ဘာမှာ တန်းတူညီမျှမှုပိုရှိလာဖို့ဆိုရင် ၂၀၃၀ ပြည့်လွန်နှစ်အရောက်မှာ ဘီလျံနာသူဌေးအရေအတွက် တဝက်လောက် လျှော့ချပစ်သင့်တယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာပရဟိတအဖွဲ့ Oxfam ကပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ Davos မှာ ကမ္ဘာ့စီးပွါးရေးဖိုရမ်ကျင်းပနေချိန်မှာပဲ တန်းတူညီမျှမှုရှိရေးအတွက် ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိတဲ့ လူချမ်းသာတွေအပေါ် အခွန်တိုးကောက်တာ၊ ဒါမှမဟုတ် အခြားမူဝါဒတွေ ချမှတ်သင့်တယ်လို့ Oxfam က တနင်္လာနေ့မှာ ပြောဆိုလိုက်တာပါ။
“လက်ရှိရင်ဆိုင်နေရတဲ့အကျပ်အတည်းကာလအတွင်း ပြည်သူ ၉၉% ဝင်ငွေမလုံမလောက်ဖြစ်တဲ့အချိန်မှာ ၁% သောလူတွေကတော့ မတန်တဆ ဝင်ငွေတွေရနေကြပါတယ်” လို့ Oxfam အမှုဆောင်ညွှန်ကြားရေးမှူး Gabriela Bucher ကပြောပါတယ်။
တနင်္လာနေ့ကစပြီး တပတ်ကြာကျင်းပတဲ့စီးပွါးရေးဖိုရမ်ကို နိုင်ငံရေးခေါင်းဆောင်တွေ၊ ကုမ္ပဏီအမှုဆောင်အရာရှိတွေနဲ့ ထင်ရှားကျော်ကြားသူတွေ တက်ရောက်လာကြတာပါ။ "Survival of the Richest" လို့နာမည်ပေးထားတဲ့ Oxfam ရဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘီလျံနာသူဌေးကြီးတွေရဲ့ချမ်းသာမှု ၂ ဆတိုးလာပြီး အချမ်းသာဆုံးလူ ၁% ရဲ့ကြွယ်ဝမှုတွေ ၇၅ ဆ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် လူနေမှုစရိတ်တိုးလာပြီး ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကြောင့် စားသောက်ကုန်နဲ့ လောင်စာဈေးတွေတက်လာချိန်မှာ သူဌေးတွေကတော့ ပိုပြီးချမ်းသာကြွယ်ဝလာတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာတဝန်း လခစား အလုပ်သမား ၁.၇ ဘီလီယံတို့ အခက်အခဲနဲ့ရင်ဆိုင်နေရချိန်မှာပဲ ဘီလျံနာသူဌေးကြီးတွေမှာတော့ နေ့စဉ်ဒေါ်လာ ၂.၇ ဘီလီယံ ဝင်ငွေတိုးလာတယ်လို့လည်း ဆိုထားပါတယ်။
================
[[Unicode]]