သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ မူလတန်းကလေးငယ်တွကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ


ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး။ (စက်တင်ဘာ ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - Chinese Embassy in Myanmar)
ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး။ (စက်တင်ဘာ ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - Chinese Embassy in Myanmar)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာရှိတဲ့ အခြေခံပညာမူလတန်း ကျောင်းသူကျောင်းသားတွေကို ဒီလအစပိုင်းကတည်းက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ မရှိသလောက်နည်းပါးနေပေမယ့် ကိုဗစ်စည်းကမ်းတွေကတော့ ဆက်လက်ရှိနေဆဲပါ။ ရခိုင်ပြည်နယ်တွင်း မူလတန်းကျောင်းသားတွအေတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့အခြေအနေ ရန်ကုန်ကနေ စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ အသက် ၅ နှစ်ကနေ ၁၂ နှစ်အထိ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသူ ကျောင်းသားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပါတယ်။ တရုတ်နိုင်ငံကလာတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေတာဖြစ်ပြီး ဆေးထိုးပေးဖို့ ကျောင်းသူကျောင်းသားစုစုပေါင်း ၁၆၀,၀၀၀ ကျော်လောက်အထိရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“ကိုဗစ်ဆေး အခု ၅ နှစ်ကနေ ၁၂ နှစ်အထိ မူလတန်းအဆင့် ကျောင်းသူကျောင်းသားတွေကို ဇွန်လ ၂ ရက်နေ့ကနေ စထိုးတယ်။ ကျောင်းသူကျောင်းသားနဲ့ပတ်သက်ပြီးတော့ ပညာရေးဌာနကတော့ အားလုံး တစ်သိန်းနဲ့ ခြောက်သောင်းလောက်ရှိတယ်လို့ သူတို့ ခန့်မှန်းထားပါတယ်။ ထိုးတာတော့ နေ့တိုင်းထိုးနေတယ်။ စာရင်းတွေကတော့ ကျန်းမာရေးမှာ ရှိမှာပေါ့၊ ဆေးကတော့ sinopharm ဆေးကို ထိုးတယ်။ ဘာလို့လဲဆိုတော့ FDA က ၅ နှစ်နဲ့ ၁၂ နှစ် ကလေးတွေကို ထိုးဖို့အတွက် sinopharm ဆေးကို သင့်တော်တယ်လို့ ခွင့်ပြုတယ်၊ အဲဒါကြောင့် ဒီဆေးကို ထိုးပေးနေတယ်။”

အသက်ငါးနှစ်အထက် ကလေးငယ်တွေကို အခုလို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးလို့အဆင်ပြေပါ့မလားဆိုပြီး တချို့ ကျောင်းသား မိဘတွေကြား စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ ဆေးထိုးဖို့သဘောတူကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ကျောင်းသူကျောင်းသားတွေ ဖျားနာတာတွေ ရှိလာခဲ့ရင်လည်း ကျန်းမာရေး ဌာနာက တာဝန်ယူစောင့်ရှောက်ပေးမယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်း ကပြော ပါတယ်။

“အခုလက်ရှိမှာတော့ မထိုးချင်ဘူးဆိုပြီးငြင်းတာမတွေ့ဘူး။ ကျနော်တို့ ဆေးထိုးတဲ့ မူဝါဒမှာလည်း မဖြစ် မနေထိုးရမယ်လို့မဟုတ်ဘူး။ ကလေးမိဘက မထိုးချင်ဘူးဆိုရင်လည်း ဒါသူတို့သဘောပေါ့နော်၊ မထိုးပေးဘူး။ တော်တော်များများကတော့ ထိုးချင်ကြတယ်။ ဆေးထိုးမယ့်နေ့ကို မိဘတွေကို တခါတည်း အသိပေးတယ်။ ဆေးထိုးပြီးသွားတဲ့အခါကျတော့လည်း ဒီဆေးထိုးတဲ့ ကျောင်းသားရဲ့မိဘ ဖုန်းနံပါတ်တွေကို အပြည့်အစုံ ယူထားတယ်။ အိမ်ရောက်တော့မှ ဒီကလေးက နေမကောင်းတာ ဖြစ်တယ်၊ ဖျားတာဖြစ်တယ်ဆိုရင် ကျောင်းကို သတင်းပေးရမယ်။ ကျန်းမာရေးဌာနာက လိုက်ပြီးတော့ စောင့်ရှောက် ပေးမယ်။ ဆေးထိုးလို့ ဖြစ်တာလား၊ တခြားကြောင့် ဖြစ်တာလား သဘောမျိုးပေါ့၊ ဒီနေ့အထိတော့ အဲလို ပြဿနာတစုံတရာ မရှိသေးပါဘူး။”

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုတွေ အခုအခါ မရှိသလောက်နည်းပါးနေပေမယ့် ကိုဗစ်စည်းကမ်းတွေကိုတော့ ပြည်ထောင်စုက သတ်မှတ်ပေးထားတဲ့ အတိုင်းရှိ နေသေးတယ်လို့လည်း ဦးလှသိန်းကပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ လက်ရှိကိုဗစ်အနေအထားက ဘယ်လောက်ရှိသလဲဆိုတော့ မရှိတဲ့ရက်များပါတယ်။ တွေ့တဲ့အခါလည်း ၁ ယောက်တို့၊ ၂ ယောက်တို့ အဲလိုတွေ့ပါတယ်။ တွေ့တဲ့ဟာကလည်း ဘယ်မှာတွေ့လဲဆိုတော့ လေယာဉ်စီးဖို့အတွက် စစ်ဆေးတဲ့နေရာကို အခြေခံထားတဲ့အတွက် အဲဒီကနေ စာရင်းတွေ ကောက်ယူတာဖြစ်ပါတယ်။ လက်ရ အနေအထားရတော့ ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ် ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစတင်ပြီးတော့ အသက် ၁၂ နှစ် အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေကို တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပါတယ်။ လက်ရှိကျောင်းဖွင့်ရာ သီမှာ ကိုဗစ်ကူးစက်မှုတွေ မဖြစ်လာရအောင် ကျောင်းသူကျောင်းသာတွေကို ကိုဗစ်စည်းကမ်းနဲ့အညီတက်ရောက်ကြဖို့ ဆောင်ရွက်ထားတယ်လို့လည်း စစ်ကောင်စီတာဝန်ရှိသူတွေက ပြောပါတယ်။

#Rakhine #Covid19 #Covid19Vaccine #VOABurmese #ရခိုင်ကိုဗစ်ကာကွယ်ဆေး #၅နှစ်အောက်ကလေးကိုဗစ်ဆေး #ဗွီအိုအေ #ဆိုင်နိုဖမ်း #Sinopharm

===============


[[Unicode]]











===============

XS
SM
MD
LG