[[Zawgyi/Unicode]]
စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို သြစတြေးလျအစိုးရက အရေးယူဒဏ်ခတ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနယ်က ပြောလိုက်ပါတယ်။ ဘယ်ဘဏ်၊ ဘယ်ငွေကြေးအဖွဲ့အစည်း ရယ်လို့တော့ သူက တိတိကျကျ ပြောမသွားခဲ့ပါဘူး။ မြန်မာအကျဉ်းထောင်ကနေ သိပ်မကြာခင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပါမောက္ခ ရှောင်တာနယ်က မနေ့ တနင်္လာနေ့က The Australian သတင်းစာမှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ခုလို တိုက်တွန်း ပြောဆိုသွားတာပါ။
လက်ရှိမှာတော့ သြစတြေးလျနိုင်ငံက မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့တာကိုပိတ်ထားပြီး စစ်တပ်က တာဝန်ရှိသူ ငါးယောက်ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းခွင့်ကို ပိတ်ပင်ထားပါတယ်။
ရှောင်တာနယ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်ကစလို့ ရက်ပေါင်း ၆၅၀ အကျဉ်းကျခဲ့ပြီး ပြီးခဲ့တဲ့အပတ်က အကျဉ်းသား ၆,၀၀၀ နီးပါးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ ပြန်လည် လွတ်မြောက်လာတာပါ။ သြစထြေးလျနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဒီ အင်တာဗျူးဟာ သူ့ရဲ့ပထမဆုံး အင်တာဗျူးလည်း ဖြစ်ပါတယ်။
သူ့ကို ၂ လကြာစစ်ဆေးခဲ့ရာမှာ အစောပိုင်းက ဗြိတိန်နိုင်ငံရဲ့ထောက်လှမ်းရေး M16 အတွက် သူက အလုပ်လုပ်နေပြီး သေနတ်တွေခိုးသွင်းတယ်လို့ ယူဆ စစ်ဆေးခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ လက်နဲ့တွန်းတာမျိုးရှိပေမဲ့ အရိုက်အနှက် မခံခဲ့ရဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ ပေ ၂၀၊ ၈ ပေ ညစ်ပတ်နေတဲ့အခန်းထဲမှာ သူ့ကိုထားခဲ့ပြီး အခန်းထဲမှာ အိမ်သာမရှိဘူးလို့ ပြောပါတယ်။ ရက်ပေါင်း ၆၅၀ လုံး ထမင်းကို ပုံးနဲ့ စားခဲ့ရတယ်လို့ ဆိုပါတယ်။
===============
[[Unicode]]
===============