[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအနေနနဲ့ ညှိနှိုင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာမျိုး တစုံတရာမပြတဲ့အပြင် သူတို့အာဏာခိုင်မြဲအောင် ဆက်လုပ်နေတဲ့အတွက် မြန်မာပြည်သူတွေ ပေးဆပ်နေကြရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေအကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဇွန်လ ၁၃ ရက် တနင်္လာနေ့က တင်ပြဆွေးနွေးပွဲမှာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အမေရိကန် ဒုကိုယ်စားလှယ် Nick Hill ကပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ပြောင်းမှုတွေဟာလည်း စစ်အာဏာသိမ်းခဲ့ပြီးနောက် လမ်းလွဲသွားတယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး အမျိုးသားကွဲပြားမှုပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အင်မတန်စိုးရိမ်တယ်လို့ သူကအထွေထွေညီလာခံကို ပြောကြားပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် အမြောက်အများ မြန်မာနိုင်ငံကို ဘေးကင်းစွာပြန်နိုင်မယ့် လမ်းကြောင်းတွေ ပိတ်ကုန်တာကိုလည်း သူကထောက်ပြခဲ့ပါတယ်။
တရားမျှတမှုနဲ့ တာဝန်ခံ တာဝန်မှုရရေးအတွက် အမေရိကန်ပြည်ထောင်စုက ရှေ့ ဆုံးကနေ ထောက်ခံပံ့ပိုးကူညီနေတယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့လူမှုရေးဆိုင် ရာ အမေရိကန် ဒုကိုယ်စားလှယ် Nick Hill က အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးထဲက မြန်မာနိုင်ငံမှာ ဒုက္ခတွေ မကြုံရသူဆိုတာ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာဗြိတိန် သံအမတ်ကြီး Barbara Woodward ကလည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်အနှံ့ ကျေးရွာတွေကို မီးရှို့တာ၊ လေကြောင်းကနေ တိုက်ခိုက်တာအပါအဝင် စစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။ မြန်မာတနိုင်ငံလုံးက လူမှုအသိုင်းအဝိုင်းတွေဟာ စစ်တပ်ရဲ့ ရက်စက်တဲ့နှိမ်နှင်းမှုနဲ့ ကြုံနေကြရတယ်လို့ သံအမတ်ကြီး Woodward ကပြောပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဆိုးဝါးတဲ့အဖြစ်တွေကို ကြုံခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာလည်း စစ်တပ်ရဲ့လက်ထဲမှာ ဒီနေ့အထိ ဆက်ခံစားနေကြရတယ်လို့ သူကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာတဲ့အကူအညီလိုအပ်နေသူ ၁၄ သန်းရှိနေကြီး ၁၃ သန်းက စစ်အာဏာသိမ်းပြီးနောက်မှာ ဒုက္ခရောက်နေကြသူတွေဖြစ်တာကိုလည်း သူကထောက်ပြခဲ့ပါတယ်။
လိုအပ်နေသူတွေအတွက် ကုလသမဂ္ဂနဲ့တခြားအဖွဲ့အစည်းတွေ အကူအညီတွေပေးနိုင်ရေးမှာလည်း အဟန့်အတားတွေရှိနေကြောင်းနဲ့ စစ်တပ်က လူသားချင်းစာနာတဲ့အကူအညီတွေကို ဆက်လက် ပိတ်ဆို့ထားပြီး အကူအညီပေးရေးကို နိုင်ငံရေးအရ အသုံးချနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာဗြိတိန် သံအမတ်ကြီး Barbara Woodward ကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေးစီ ပြန်လည်ပေါ်ထွန်းလာဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်ဆိုတာကိုလည်း မနေ့က အထွေထွေညီလာခံမှာ တင်ပြခဲ့ကြတဲ့ အမေရိကန်နဲ့ ဗြိတိန်သံတမန်တွေက ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံအရေးအတွက် အားလုံးပါဝင်ပြီး ရေရှည်ခံတဲ့အဖြေရှာရေးကို Vietnam နိုင်ငံက ထောက်ခံတယ် လို့ ကုလသမဂ္ဂဆိုင်ရာ Vietnam သံအမတ်ကြီး Le Thi Minh Thoa ကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံး ဆွေးနွေးအဖြေရှာဖို့ နိုင်ငံတကာ အသိုင်းဝိုင်းက ကူညီဖို့လိုတယ်ဆိုတာကို သူကအလေးထားပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်အောင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး ကူညီကြရမယ်လို့ သူကပြောကြားခဲ့တဲ့အကြောင်း Vietnam သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်ပို့ရေး နှစ်နိုင်ငံ အစီအစဉ်ကို မြန်မြန် အကောင်အထည်ဖော်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Rabab Fatima က တောင်းဆိုသွားပါတယ်။ ရေရှည်အတွက်အဖြေဟာ လုံခြုံ စိတ်ချရပြီး၊ ရေရှည် တည်တံ့တဲ့၊ လူ့ဂုဏ်သိက္ခာနဲ့အညီ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်နိုင်ရေးအပေါ်မှာ တည်ပါတယ်လို့ သူက ပြောပါတယ်။ ရိုဟင်ဂျာတွေ ပြည်တော်ပြန်ုနိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာ တိုးမြှင့် ဆောင်ရွက်ဖို့လည်း Rabab Fatima က တောင်းဆိုခဲ့ပါတယ်။
ရိုဟင်ဂျာလူငယ်များအသင်း (RYA) - အသင်းတည်ထောင်သူ ဦးခင်မောင်ကတော့ - ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေ ကနေ့အချိန်ထိ ညှဉ်းပန်း နှိပ်စက် ခံနေရဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ မေ့ပစ်လို့မရနိုင်ဘူးလို့ ပြောပါတယ်။ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တခြား မွတ်ဆလင်တွေက ဒီကနေ့ကို ရိုဟင်ဂျာတွေအတွက် အမဲရောင်နေ့လို့ သတ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ လူငယ်တွေက ဒီနေ့ကို အောက် မေ့ဘွယ်နေ့အဖြစ် သတ်မှတ်ပြီး အမဲရောင် တီရှပ်အင်္ကျီတွေဝတ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။
============
[[Unicode]]
============