[[Zawgyi/Unicode]]
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ သိသိသာသာ ဆက်လက်ကျဆင်းနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကပြောကြားလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအခြေအနေကို ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ တင်ပြခဲ့တာမှာ မဟာမင်းကြီး Bachelet က အခြေအနေ ပိုဆိုးလာတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကတည်းက စစ်အာဏာသိမ်းမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ခံနေကြရတဲ့ မြန်မာပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု၊ အိုးအိမ်စွန့် ထွက်ပြေးရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု သံသရာထဲက မထွက်နိုင်ကြဘူးလို့ လူ့အခွင့်အရေးမဟာမင်းကြီး Bachelet က ပြောကြားခဲ့တာဖြစ်ပါတယ်။ အရပ်သားတွေကို လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု စတဲ့ပြစ်မှုတွေလို့ ယုံကြည်လက်ခံရလောက်တဲ့ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုတွေ လုပ်နေတာ မြင်တွေ့နေရတယ်လို့ လည်း သူကပြောကြားပါတယ်။
လူသားချင်းစာနာစရာ အခြေအနေတွေ အင်မတန်ဆိုးဝါးနေတာမှာ ၁၄ သန်းလောက် အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်းနဲ့ ကုလသမဂ္ဂရဲ့ စာရင်းအရ အိုးအိမ်စွန့် ပြည်တွင်း ဒုက္ခသည် ၁ သန်းရှိတယ်လို့လည်း သူကပြောပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ယိုင်နဲ့နေတဲ့အခြေအနေကိုလည်း သူကတင်ပြသွားပါတယ်။ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို သတင်းထောက်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းမျှဝေသူတွေအပေါ် ဖိနှိပ်နေတဲ့အတွက် သတင်းရရှိမှုပိုင်း အင်မတန်ထိခိုက်နေတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးကပြောပါတယ်။
လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ရုံးအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံအခြေအနေကို ပြောကြားတင်ပြခဲ့ပါတယ်။
===================
[[Unicode]]
===================