သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူတွေကိုကျေးဇူးတင်၊ ကျန်းမာရေးဂရုစိုက်ဖို့နဲ့ ကူညီရိုင်းပင်းကြဖို့ အတိုင်ပင်ခံစကားပါး


ဒေါ်စု မွေးနေ့အကြို ပွဲ ဖိတ်ကြားစာ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ဒေါ်စု မွေးနေ့အကြို ပွဲ ဖိတ်ကြားစာ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းပေးကြတဲ့ပြည်သူတွေကိုကျေးဇူးတင်ကြောင်း၊ ကျန်းမာရေးဂရုစိုက်ဖို့နဲ့ အချင်းချင်းကူညီရိုင်းပင်းကြဖို့ ပြည်သူတွေဆီကိုသတင်းစကားပါးလိုက်ပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲတဲ့ ရဟတ်ယာဉ်ငှားရမ်းမှုဆိုင်ရာ အဂတိမှုကို ဆက်လက်ကြားနာချိန်မှာ ရုံးချိန်းမတိုင်မီ သူ့ရှေ့နေတွေက မွေးနေ့ကျင်းပပေးခဲ့ရာမှာ အခုလိုသတင်းစကားပါးခဲ့တာဖြစ်တယ်လို့ နေပြည်တော်တရားရုံးနဲ့ နီးစပ်သူတွေဆီက သတင်းရရှိပါတယ်။

မနေ့က ဇွန် ၁၉ ရက်နေ့ဟာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ကျရောက်တာမို့ ဒီရှေ့နေတွေက ဒီကနေ့ရုံးချိန်းမစတင်ခင်မှာ မွေးနေ့ပွဲကို အကျဉ်းရုံး လုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့မွေးနေ့နဲ့ပတ်သက်လို့ ပြည်သူတဦးချင်းဆီအတွက် သတင်းစကားဆုတွေ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မွေးနေ့အတွက် ရှေ့နေတွေယူလာပေးတာတွေကို အတိုင်ပင်ခံက ခွဲဝေစားသောက်ကြဖို့ သူ့အနီးနားကလူတွေကိုပြန်လည်ဝေပေးခဲ့တာမြင်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူက VOA ကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ ရဟတ်ယာဉ်ငှားရမ်းမှုဆိုင်ရာ အဂတိမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့ ဆက်လက်ကြားနာခဲ့ပါတယ်။ သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် အီတလီနိုင်ငံထုတ် ရဟတ်ယာဉ်တစင်းဝယ်ယူမှုမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးစေတယ်ဆိုပြီး အဂတိမှုနဲ့ စွပ်စွဲခံရတဲ့အမှုဖြစ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီရဲ့ တရားလိုပြသက်သေအနေနဲ့ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို အမှုအတွက် ရှေ့နေတွေက အပြန်အလှန် မေးခွန်းမေးမြန်းခဲ့ပါတယ်။

သူဟာ ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကစွဲဆိုထားတဲ့ အဂတိအမှု ၅ မှု စလုံးအတွက် တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုမှာဖြစ်ပြီး ဒီကနေ့မှာတော့ အဲဒီအမှု ၅ မှုထဲကမှ တမှုကိုသာ စစ်မေးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြန်လှန်စစ်မေးချိန်မလောက်တာကြောင့် ရဟတ်ယာဉ်နဲ့ ဆက်စပ်တဲ့ တခြားအမှုတွေရဲ့ရုံးချိန်းကို လာမယ့်တစ်ပတ် တနင်္လာနေ့ကို ရုံးချိန်း ထပ်ချိန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ ဒီအမှုအပြင် ရဟတ်ယာဉ် ငှားရမ်းမှု၊ နောက် ငှားထားတဲ့ရဟတ်ယာဉ်ကို အချိန်ပြည့်အောင် အသုံးမပြုမှု စတဲ့ အဂတိအမှု ၅ မှုနဲ့စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို မီဒီယာကိုမပြောရဆိုပြီး ပိတ်ပင်ထားတာကြောင့် အမှုနဲ့ပတ်သက်လို့ စစ်မေးမှုတွေနဲ့ အမှုအခြေအနေအတိအကျကို မီဒီယာဘက်က မသိရှိရပါ ဘူး။ အထူးတရားရုံးဖြစ်တာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အမှုတွေမှာ သတင်းရယူခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်း ပြီး နောက် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုး ဖောက်မှု၊ သဘာဝ ကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆို ထားတာပါ ။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိအမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

#ဒေါ်အောင်ဆန်းစုကြည် #၇၇နှစ်ပြည့်မွေးနေ့ #အဂတိမှု #ထောင်ဒဏ်၁၁နှစ် #ဗွီအိုအေ
=====================

[[Unicode]]











=====================

XS
SM
MD
LG