[[Zawgyi/Unicode]]
ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက အစ်ဇီယမ်မြို့ မှာ စုပုံမြှုပ်နှံထားတဲ့ လူသေအလောင်း ၄၀၀ ကျော် တွေ့ရှိရတယ်လို့ ယူကရိန်းအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
Kharkiv ဒေသက စုံစမ်းစစ်ဆေးရေး ရဲချုပ် Serhiy Bolvinov က အခုတွေ့ရှိချက်ဟာ လူသေအလောင်း အများဆုံး စုပုံမြှုပ်နှံထားတာဖြစ် ပြီး သေဆုံးသူတချို့ဟာ ရုရှားရဲ့ လက်နက်ကြီးကြောင့် ဖြစ်သလို တချို့ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာ ဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ဒီ အစ်ဇီယမ် မြို့ကို တနေ့ ဗုဒ္ဓဟူးနေ့က သွားကြည့်ခဲ့ပြီး ဒီအစုလိုက်အပြုံလိုက်မြှုပ်နှံမှုက ရုရှားထိုးစစ်အစပိုင်းထဲ Kyiv မြို့တော် ဆင်ခြေဖုံး Bucha မှာ ဖေဖော်ဝါရီလကုန်က မြုပ်ခဲ့ပုံနဲ့ ဆင်တူတယ်လို့ မနေ့က ပြောခဲ့ပါတယ်။ သမ္မတ Zelenskyy က ဆက်ပြီး ရုရှားတွေဝင်ခဲ့တဲ့ နေရာတိုင်းမှာ သေဆုံးမှုတွေ ကျန်နေခဲ့တာအတွက် ရုရှားကိုအရေးယူမှရမယ်၊ ဒီနောက်ထပ်တွေ့ရှိမှုတွေကိုလည်း ဒီနေ့ သောကြာမှာ ထပ်ထုတ်ပြန်သွားမယ်လို့ မနေ့က ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ဒီအပေါ် ရုရှားဘက်ကတော့ မတုံ့ပြန်သေးပါဘူး။ အရင်ကတော့ ယူရိန်းနဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ရုရှားတပ်တွေ စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ စွပ်စွဲလာခဲ့တာကို ရုရှားဘက်ကတော့ အရပ်သားတွေကိုပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုမကျုးလွန်ခဲ့ဘူးလို့ ငြင်းဆိုလာခဲ့ပါတယ်။
တချိန်တည်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ သမ္မတ Zelenskyy အနေနဲ့ ဗီဒီယိုကနေတဆင့် မိန့်ခွန်းပြောပေးဖို့ အဆိုကို ဒီနေ့ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေပါတယ် ခင်ဗျာ။
===============
[[Unicode]]