သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွတ်သတင်းထောက်တဦး အလုပ်နဲ့ထောင် ၂ နှစ်ကျ 


အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (Crd: RSF)
အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (Crd: RSF)

[[Zawgyi/Unicode]]

အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို အင်းစိန်ထောင်တွင်းတရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ချခဲ့ပါတယ်။ အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာအဖမ်းခံခဲ့ရပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ တပ်မတော် အကြည်ညိုပျက်အောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ - က နဲ့ စစ်ကောင်စီကတရားစွဲခဲ့ပါတယ်။ ဖမ်းဆီးခံထားရပြီး ၁၆ လအကြာမှာ ပြစ်ဒဏ်ချလိုက်တာဖြစ်တယ်လို့ သူ ရှေ့နေက ပြောပြပါတယ်။

“အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာရုံးထိုင်တဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းတရားရုံးကနေချတာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ပြစ်မှုထင်ရှားတယ်ဆိုပြီး ၂ နှစ် အလုပ်နဲ့ ထောင်ဒဏ်ချတာ သူချုပ်ခံထားရတဲ့ ချုပ်ရက်ခံစားခွင့် ရှိစေဆိုပြီး ချလိုက်တယ်။ အမှုက ဘာမှမပေါ်ပေါက်ဘူး။ ဆရာတို့စစ်တာမှာ တိုင်စာတခုပဲ ရှိတယ်။ ဘာမှမရှိဘူး။ သူက သတင်းသမား၊ သတင်းလုပ်ငန်းလုပ်ကိုင်တယ်။ ဆန္ဒပြသူ CDM ဝန်ထမ်းတွေနဲ့တွေ့ဆုံသတင်းယူတယ်။ ဒါက သတင်းမီဒီယာဥပဒေ ၇ အရ သတင်းသမားတွေလုပ်ရမယ့်အလုပ်ကို လုပ်တာလေ။ ဥပဒေအရ ဘာအကြောင်းနဲ့မှ အရေးယူစရာမရှိဘူး။ အဲမှာ ကင်းလွတ်ခွင့်ပေးထားပြီးသား။”

မသူဇာဟာ ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့မှာ ၁၄ နှစ်နီးပါး လုပ်ကိုင်ခဲ့သူတဦးဖြစ်ပါတယ်။ အဲဒီနောက် အလွတ်တန်းသတင်းထောက်အဖြစ်ရပ်တည်ခဲ့ပြီး အာဏာသိမ်းပြီးနောက် အလွတ်တန်းသတင်းထောက်အနေနဲ့ သတင်းတွေပေးပို့ခဲ့သူဖြစ်ပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) ရဲ့ ၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံထဲမှာပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ် ညွှန်ကိန်းအဆင့် ၁၄၀ ကနေ အဆင့် ၁၇၆ အထိကို မြန်မာနိုင်ငံက ထိုးဆင်းသွားခဲ့တာဖြစ်တယ်လို့ဖော်ပြခံထားရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ သတင်းဌာန ၁၀ ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးချိန်ကနေ ခုချိန်ထိ စစ်ကောင်စီဘက်က သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ် နိုဝင်ဘာလအထိ တနိုင်ငံလုံးမှာ သတင်းသမားအယောက် ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးစာရင်းအရ ဖမ်းဆီးခံအယောက် ၁၅၀ နီးပါးထဲမှာ အယောက် ၉၀ ကျော် ပြန်လွတ်လာခဲ့ပြီးနောက် လက်ရှိမှာတော့ သတင်းသမားတွေကောက်ယူထားတဲ့စစ်တမ်းတွေအရ သတင်းသမား အယောက် ၅၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG