ကန် နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးချင်း ဖုန်းဆက် ဆွေးနွေး
{{Zawgyi/Unicode}}
အမေရိကန်မှာ သမ္မတ Joe Biden အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတဘိုင်ဒင်တို့ မကြာသေးခင်က ဆက်သွယ်ဆွေးနွေးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe နဲ့ ဝန်ကြီး Austin ဆွေးနွေးခဲ့တာဖြစ်ကြောင်းလည်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ John Kirby က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
၂ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးနဲ့ ဒေသတွင်း လုံခြုံရေး ကိစ္စတွေအပြင်၊ ယူကရိန်းအပေါ် ရုရှားကတဖက်သတ် ရန်လိုတိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။ ၄၅ မိနစ်လောက်ကြာတဲ့ ဆွေးနွေးမှုအတွင်း အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်လာဖို့ ဝန်ကြီး Austin ဖက်က မျှော်လင့်မထားခဲ့ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တယောက်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
အမေရိကန်နဲ့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား ၂၀၀၈ ခုနှစ်ကစ တည်ဆောက်ထားတဲ့ အဆင့်မြင့်လုံခြုံရေး တယ်လီဖုန်းဆက်သွယ်ရေး စနစ်နဲ့ ဆွေးနွေးခဲ့တာလို့လည်း ပြောပါတယ်။
သမ္မတဘိုင်ဒင်နဲ့ ကာကွယ်ရေးဝန်ကြီး Austin တို့ ၂ ဦးစလုံးဟာ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်က စစ်ရေးအရ ခြိမ်းခြောက်မှုတွေအပေါ် မကြာခဏ ဝေဖန်လေ့ရှိသလို၊ တရုတ်နိုင်ငံက လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လိုလားသူတွေကို နှိပ်ကွပ်မှုတွေ အတွက်လည်း သမ္မတဘိုင်ဒင်က ဝေဖန်ပြောဆိုလေ့ရှိပါတယ်။
Your browser doesn’t support HTML5
Lloyd Austin
....................................
{{Zawgyi/Unicode}}