ကက်သလစ် ဘာသာဝင်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကာဒီနယ် ရဟန်းအမတ် ၂၁ ပါးကို စနေ့နေ့က အသစ် ခန့်အပ်လိုက်ပါတယ်။ ဒီထဲမှာ ဗာတီကန်နန်းတော်ရဲ့ အဓိကကျသူတွေ ပါဝင်သလို ကက်သလစ် အသင်းတော်အတွင်း ပြုပြင် ပြောင်းလဲမှုတွေနဲ့ သူ့ရဲ့ အမွေအနှစ်ကို ခိုင်ခံ့စေမယ့် နယ်ပယ်ဒေသတွေက သူတွေလည်း ပါဝင်ပါတယ်။
ကာဒီနယ် အသစ်တွေထဲမှာ ဗာတီကန် အယူဝါဒရုံးရဲ့ အကြီးအကဲအသစ်ဖြစ်တဲ့ ကာဒီနယ် ဗစ်တာမန်နူရယ်ဖာနန်ဒက်ဇ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်၊ ဂျေရုဆလင်နဲ့ တောင်ဆူဒန်လို ပထဝီ နိုင်ငံရေးအရ အချက်အချာ ကျတဲ့ ဒေသတွေက ကက်သလစ် ရဟန်းတွေလည်း ပါဝင်ပါတယ်။
စိန့်ပီတာ ရင်ပြင်က ဝတ်ပြုဆုတောင်းပွဲ အစမှာ ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်အသစ်တွေကို ဩဝါဒမိန့်ကြားရာမှာ ရဟန်းအမတ်တွေရဲ့ မတူကွဲပြားမှုနဲ့ နေရပ်ဒေသ ပထဝီအနေအထား ကွဲပြားနေမှုကို သံစုံတီးဝိုင်းကြီးတခုက
ဂီတသမားတွေနဲ့ ခိုင်းနှုန်း ဥပမာပေး မြွက်ကြားခဲ့ပါတယ်။
ကက်ကလစ် ကျောင်းတော်အတွက် တာဝန်ထမ်းဆောင်ရာမှာ တခါတရံ တကိုယ်တော် တီးမှုတ်ရတာရှိသလို တခါတရံမှာတော့ အဖွဲ့လိုက် တီးမှုတ်ရမှာဖြစ်ကြောင်း မိန့်ပါတယ်။ “မတူကွဲပြားမှုတွေက မရှိမဖြစ် လိုအပ်ပေမဲ့ အသံတခုစီက ဘုံမျှဝေတူညီတဲ့ စနစ်ဒီဇိုင်း တခုတည်းကို အထောက်အကူ ဖြစ်ရမယ်"လို့ ဆိုပါတယ်။ “ဒါကြောင့် အပြန်အလှန် နားထောင်ခြင်းကလည်း မရှိမဖြစ် လိုအပ်တယ်” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။
အခုလို ကာဒီနယ်ရဟန်းအမတ်တွေ အသစ်ခန့်အပ်မှုက ကက်သလစ်ကျောင်းတော်ရဲ့ ရဟန်းအမတ်အဖွဲ့မှာ ပုပ်ရဟန်းမင်းကြီးရဲ့ သြဇာကို ပိုမိုချဲ့ထွင်တာဖြစ်သလို တချိန်ချိန်မှာ ဒီအဖွဲ့ကပဲ ပုပ်ရဟန်းမင်းကြီးရဲ့ အရိုက်အရာ ဆက်ခံမယ့်သူကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ “ဘုရားကျောင်းတော်ရဲ့ အိမ်ရှေ့စံများ” လို့ တင်စားကြတဲ့ မဲပေးခွင့်အရွယ်ရှိတဲ့ ကာဒီနယ် ရဟန်းအမတ်တွေရဲ့ လေးပုံသုံးပုံ နီးပါးကို ပုပ်ရဟန်းမင်းကြီးက ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကာဒီနယ် ရဟန်းအမတ်သစ် ၂၁ ပါး ပုပ်ရဟန်းမင်းကြီး ခန့်အပ်