[[Zawgyi/Unicode]]
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် လာဘ်ထိုးတဲ့ ဒေါ်လာ ၅ သိန်းကို ဒေါ်အောင် ဆန်းစုကြည် လက်ခံယူခဲ့တယ်ဆိုတဲ့ အမှု ၂ ခုအတွက် ဦးမောင်ဝိတ် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒီငွေတွေကိုပေးခဲ့တယ်လို့ စေပိုင်ကုမ္ပဏီရဲ့ ပိုင်ရှင် ဦးမောင်ဝိတ်က တရားရုံးမှာ ထွက်ဆိုခဲ့တယ်လု့ိ သိရပါတယ်။ ဖောင်ဒေးရှင်းအတွက် ၃ ခါခွဲပေးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆီကို တိုက်ရိုက်ပေးခဲ့တာ ဟုတ်မဟုတ်ကိုတော့ တိကျစွာ ဖြေဆိုနိုင်ခဲ့တာမရှိဘူးလို့ စုံစမ်းသိရပါတယ်။ နောက်တခေါက် ရုံးချိန်းကျရင်တော့ စစ်ကောင်စီဘက်က နောက်ထပ် သက်သေ ၃ ယောက်ကို စစ်မေးမှာဖြစ်ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ စွဲချက်တင်ခံထားရတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အမှု ၄ မှုကိုလည်း ဆက်လက် စစ်ဆေးကြားနာပါတယ်။ ဒီနေ့မှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့စစ်ဆေးတဲ့အမှုတွေကို လာမယ့် သီတင်းပတ် ဇွန် ၇ ရက်အင်္ဂါနေ့မှာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေလည်းကောင်းမွန်တယ်လို့သိရပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။
#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese #ဒေါ်အောင်ဆန်းစုကြည်အဂတိမှု #ဦးမောင်ဝိတ်သက်သေထွက် #ဗွီအိုအေ
============
[[Unicode]]
============