အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးစွဲချက်တင် 

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲထားတဲ့အမှုကို နေပြည်တော် အထူးတရားရုံးက စွဲချက်တင်လိုက်ပါတယ်။ NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Australia နိုင်ငံသား Sean Turnell ဆီကတွေ့ရှိတဲ့အချက်အလက်တွေကြောင့် Sean Turnell နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့အပေါ် ပူးတွဲတရားစွဲထားတဲ့ အမှုဖြစ်ပါတယ်။

စွဲချက်တင်လိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အယူခံတင်မယ်လို့ စုံစမ်းသိရှိရပြီး တရားလိုဖြစ်တဲ့ ရဲမှူးအောင်မျိုးလွင်နဲ့ အမှုစစ် ၂ ဦးအပါအဝင် လေးဦးကို ပြန်ခေါ်သက်သေအဖြစ် ခေါ်ထားပါတယ်။ နေပြည်တော်တရားရုံးမှာ ပြုလုပ်တဲ့ ဒီနေ့ကြားနာပွဲကို တရားစွဲခံထားရသူတွေဘက်က သူတို့မှာအပြစ်မရှိဘူးလို့ တရားရုံးကို ပြောကြားခဲ့ကြပါတယ်။

Sean Turnell ရဲ့ Laptop computer ထဲမှာ တွေ့ရှိတဲ့ စာရွက်စာတန်းတွေဟာ နိုင်ငံအတွက်အကျိုးရှိအောင် ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်လို့ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စာရွက်စာတမ်းတွေမဟုတ်ဘူးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ သိရပါတယ်။ နောက်သီတင်းပတ် ကြာသပတေးနေ့မှာ ဒီအမှုကို ဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်။

Australia နိုင်ငံသားဖြစ်တဲ့ Sean Turnell အပေါ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့လည်း စစ်ကောင်စီက တရားစွဲထားပါတယ်။ ဒီနေ့ကြားနာပွဲမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုကိုလည်း ကြားနာခဲ့ပါတယ်။ စီးပွားရေးပညာရှင် Turnell ရဲ့ အမှုတွေနဲ့ပတ်သက်လို့ သူ့ရဲ့ ရှေ့နေတွေကို VOA က ဆက်သွယ်မေးခဲ့ပေမယ့် အမှုစစ်ဆေးနေဆဲဖြစ်လို့ ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။ Australia သံရုံးဘက်ကလည်း တစုံတရာမှတ်ချက်ပေး ပြောဆိုခြင်းမရှိပါဘူး။

သူ့ရဲ့အမှုကြားနာပွဲတွေမှာလည်း Australia သံရုံးတာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက လာရောက်ကြားနာခွင့် မပေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးခဲ့တဲ့သူ့ကို လွှတ်ပေးဖို့ Australia အစိုးရက တောင်းဆိုထားပါတယ်။ ဒီနေ့ စွဲချက်တင်ခဲ့တဲ့ မြန်မာနိုင်ငံအစိုးရ လှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၄ အထိ နှစ် ကျခံရနိုင်ပါတယ်။

Your browser doesn’t support HTML5


=============

[[Unicode]]








=============