ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အဂတိမှုတွေ နေပြည်တော်မှာ ထပ်မံစစ်ဆေး

NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေထဲက ရဟတ်ယာဉ်ငှားရမ်းတာ၊ ဝယ်ယူတာနဲ့သက်ဆိုင် တဲ့အမှုကို ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

ဒီကနေ့တော့ အဲဒီ ၅ မှုထဲက ရဟတ်ယာဉ်ငှားရမ်းတာမှာ အချိန်ပြည့်အောင်မစီးခဲ့တာမို့ နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးရတယ်ဆိုပြီး စွဲဆိုတဲ့အမှု နံပါတ် ၄၉ နဲ့ ရဟတ်ယာဉ်ဝယ်ယူမှုမလုပ်ခင်မှာ ရဟတ်ယာဉ်ကို စစ်ဆေးပြုပြင်မှုတွေလုပ်တာနဲ့ ပျက်လာခဲ့ရင် ပြင်ဆင်ဖို့ ကြိုတင်ငွေပေးရတာတွေက နိုင်ငံနစ်နာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့ အမှု နံပါတ် ၅၀ တို့အတွက် ဒီကနေ့မှာ တရားလိုလုပ်တိုင်ကြားသူ ဦးအောင်ခန့်ကိုနဲ့ ဦးစိမ်းမင်းဟိန်းတို့ကို နှစ်ဘက်ရှေ့နေတွေဘက်က အပြန်အလှန်စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ လာမယ့် အပတ်မှာတော့ အဲဒီအမှု ၂ ခုအတွက် စစ်ကောင် စီဘက်က တင်ပြလာတဲ့ တရားလိုသက်သေတွေကို စစ်ဖို့ရှိပါတယ်။

တိုင်တန်းစွပ်စွဲထားတဲ့ အဂတိအမှုတွေဟာ လက်ဆောင်ငွေကြေး တစုံတရာကို မလျော်ဩဇာသုံးကာ ရယူသူတွေကို အရေးယူနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာတွေမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့မှာ ဒီပစ္စည်းတွေနဲ့ပတ်သက်လို့ ဘာငွေကြေးဥစ္စာကိုမှ ရယူထားတာမရှိတဲ့အပြင် လက်ရှိအချိန်ထိ ဒီရဟတ်ယာဉ်တွေဟာ နိုင်ငံပိုင်အနေနဲ့ သုံးစွဲနေတာဖြစ်တာမို့ တည်ဆဲထုတ်ပြန်ထားတဲ့ ဥပဒေဖြစ် တဲ့ အဂတိအမှုနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့အကြောင်း တရားရုံးဘက်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တင်ပြခဲ့သလို တရားလိုအနေနဲ့ စွပ်စွဲ အမှုဖွင့်ခဲ့တဲ့ တရားလိုတွေဘက်ကလည်း အဂတိလိုက်စားမှုနဲ့ ငြိစွန်းကြောင်းလည်း သက်သေမပြနိုင်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ရုံးချိန်းတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော ဦးဝင်းမြင့်ကော ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူ့ အနေနဲ့ ပြည်သူတွေကို နေ့စဉ် မေတ္တာပို့ပေးနေသလို ပြည်သူတွေ တဦးနဲ့တဦး ဖေးမကူညီလုပ်ကိုင်ကြဖို့ တိုက်တွန်းကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ မြေနေရာ ရယူထားမှုနဲ့ပတ်သက်တဲ့ အမှုတွေအပြင် လုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်လို့ စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုတို့ကို စစ်ဆေးသွားဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဂတိအမှု ၁၂ မှုကျော်အပြင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုအပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုခံထားရပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ဒီကနေ့အမှုအပါအဝင် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အဂတိမှုတွေ နေပြည်တော်မှာ ထပ်မံစစ်ဆေး

=============

[[Unicode]]








=============