ဒေါ်စုကျန်းမာရေး အခြေအနေအပေါ်တုံ့ပြန်မှုတချို့

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေး အခုလိုကာလမှာ ကဏ္ဍအတော်များများကို ဦးဆောင်မှု၊ ဆုံးဖြတ်မှုပေးနေတဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တိုင်းပြည်ပြဿနာ ကိုယ်တွယ်ဖြေရှင်းရာမှာ အခြားသောအရည်ချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေကို အခုထက်ပို လုပ်ပိုင်ခွင့် ပေးပြီး၊ လက်တွဲခေါ်ဆောင်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က တိုက်တွန်းလိုက်ကြပါတယ်။ အမေရိကန်ခရီးစဉ် အတွင်း အလုပ်များတဲ့ဒဏ်ကြောင့် ကျန်းမာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနားယူနေရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီး အခုလို ပြောဆိုကြတာလည်း ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်တာဝန် များပြားလွန်းကြောင်းနဲ့ NLD အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့အလုပ်တာဝန်တွေကို ခွဲဝေပေး နိုင်မှုအပေါ် မူတည်နေကြောင်း နိုင်ငံ တကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG က ဇူလိုင်လကုန်ပိုင်းထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတခုမှာ အကြံပြုတိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်အပြင်၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး အဖြစ်လဲ တာဝန်ယူထားသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တယောက် ကျန်းမာရေး အခြေအနေကြောင့် ခေတ္တ အနားယူူနေရပြီး စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ် ထားတဲ့ပွဲကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရတယ်လို့ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရ ဦးဇော်ဌေးက တနင်္လာနေ့မှာ VOA ကို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် ခရီးပန်းတာနေတာအပြင်၊ အစာအိမ်ရောင်တဲ့ ဝေဒနာနဲ့ အရိုးကြီးပေါင်းတက်တဲ့ ဝေဒနာတွေကိုပါ ခံစားနေရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းနေတတ်တဲ့ ဒေါ်စုရဲ့ ကျန်းမာရေးသတင်းကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းကြား ဒေါ်စုအတွက် စိုးရိမ်ပူပန်မှု ရှိကြသလို၊ တဖက်မှာလည်း များပြားကြီးလေးလွန်းတဲ့ နိုင်ငံရေးတာဝန်တွေအတွက် အရည်ချင်းပြည့်ဝတဲ့ အခြားခေါင်းဆောင်တွေကို ပိုပြီး လုပ်ပိုင်ခွင့်ပေးရင်း နိုင်ငံရေးခရီးမှာ လက်တွဲခေါ်သွားဖို့ တိုက်တွန်းမှုတွေလဲ ထွက်ပေါ်လာပါတယ်။ ဒေါက်တာတင့်ဆွေဟာ အမေရိကန် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဖြစ်ပါတယ်။

“အခုထွက်ထားတဲ့ ICG ကလည်း မြန်မာ့အရေးမှာ သူကလေးလေးနက်နက် လေ့လာနေတဲ့အဖွဲ့ ဒီအချက်ကတော့ ကျနော်သဘောတူပါတယ်။ အခက်အခဲ တခုကတော့ အားလုံးလည်းသိပါတယ် ဒေါ်အောင်ဆန်းစုကြည် မှာ တာဝန်ခွဲပေးဖို့ အခက်အခဲ ရှိကောင်း ရှိမယ်၊ ဒီတချီတော့ ဒေါ်အောင်ဆန်းစုကြည် ၂ ခါပြန် စဉ်စားမယ်လို့ ယူဆတဲ့အတွက် သူ့တာဝန်တွေကို သင့်တင့်လျောက်ပတ်တဲ့ ပုဂ္ဂိုလ် တွေကို တာဝန်ခွဲပေးမှုနဲ့ နောက်လူတွေကို လည်း သင်ကြားပြသရင်းနဲ့ ဆွဲခေါ်တဲ့အလုပ်မျိုးကို လုပ်လာလိမ့်မယ်လို့ ကျနော်ဆိုလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မဏ္တိုင် ပြုထားတဲ့ ဒီနေ့အပြောင်းအလဲဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည် က ယုံကြည် လို့ စိတ်ချလို့ လွှဲတဲ့လူဟာလည်း ကျနော်တို့ ကျန်တဲ့လူတွေလည်း ယုံကြည်စိတ်ချနိုင်တဲ့ နောက်ထပ်ခေါင်းဆောင် ကောင်းတွေ ရလာနိုင်စရာ ဖြစ်တဲ့အတွက် ပိုပြီးတော့ သွက်လက်လာနိုင်တယ်ဆိုတာ စိုးရိမ်မှုတွေလည်း နည်းကောင်းနည်းမယ်လို့ ကျနော်ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်အများစုကို ယူထားတာကြောင့် ပိုဝန်ပိနေပြီး ၊ အခြား သင့်တော်သူတွေကို တာဝန်ခွဲပေးသင့်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလဲဖြစ် မြန်မာ့နိုင်ငံရေးသုံးသပ်သူလဲဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် မှာက သူက တဦးတယောက်ထဲ အသေးစိတ်တွေလုပ်တာတွေဘာတွေမှာ နည်းနည်းအားသန်တာပေါ့။ အဲလိုဆိုတော့ လေးစားယုံကြည်တဲ့ ဘေးက အကြံပေးတဲ့သူ က အကြံပေးရင်တောင်မှ အဲဒီအပြောင်းအလဲကို လုပ်နိုင်ပါ့မလား လို့ သံသယဖြစ်တယ်။ အထူးသဖြင့်တော့ အကြံပေးတွေဘာတွေဆိုရင်လည်း သူလေးစားယုံကြည်တဲ့ လူတွေဖြစ်မှသာလျှင် ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ သိသလောက် ပြည်တွင်းမှာလည်း အဲဒီလို တတ်သိပညာရှင်တွေ ရှိတာပဲ။ ဒါပေမယ့် သူက အရင်အစိုးရအဖ့ွဲကို ကူညီပြီးတော့ လုပ်ကိုင်ပေးတဲ့လူဆိုရင် သူ သိပ်မသုံးချင်ဘူး။ အဲဒီဟာလည်း အားနည်းချက်ရှိတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်တယောက် ကျန်းမာရေးပိုကောင်းနေတာနဲ့အမျှ တိုင်းပြည်အရေးကြီးကိစ္စတွေမှာ ပိုအာရုံစိုက်လုပ်ဆောင်နိုင်လိမ့်မယ် လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“အဲဒီလိုတာဝန်တွေခွဲပြီးလုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပိုပြီးတော့ ဒီအရေးကြီးတဲ့ကိစ္စတွေအားလုံး ကို အာရုံစိုက်နိုင်မယ်ပေါ့နော်။ နောက်တခုက နားနားနေနေ ၊ သက်သက်သာသာ အနားယူနိုင်မယ်။ ကျန်းမာရေး ပိုပြီးတော့ ကောင်းလာမယ် ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ မပင်မပန်းပဲနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ရတယ်ဆိုရင် ပိုပြီးတော့ လုပ်ငန်းတွေက အောင်မြင်နိုင်တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ပြီးပြီးချင်း အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ နောက်တနေ့မှာပဲ အမေရိကန် သမ္မတတွေ နဲ့ တွေ့ဆုံရသလို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တခါ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှာလည်း မိန့်ခွန်းပြောကြားရသလို၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်းပြောကြားရတဲ့အပြင် နယူးယောက်မြို့မှာ မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံတာတွေ၊ CNN လိုသတင်းဌာနမျိုးနဲ့လည်း သူ့ခရီးစဉ်အတွင်း အင်တာဗျူးတွေ ပြုလုပ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒေါ်စုကျန်းမာရေး အခြေအနေအပေါ်တုံ့ပြန်မှုတချို့