ကမ္ဘာ့ဒုက္ခသည်များဖိုရမ် စတင်ကျင်းပ

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဖွင့်ပွဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

လေးနှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ဒုက္ခသည်များဖိုရမ်ကို ဒီဇင်ဘာ ၁၃ ရက်နေ ၁၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဖွင့်ပွဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က အခုတွေ့ဆုံမှုက“အဓမ္မရွှေ့ပြောင်းခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေအပေါ် တုံ့ပြန်နိုင်ဖို့နဲ့ ဒုက္ခသည်တွေကိုလက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေအတွက် မျှဝေတာဝန်ယူကြဖို့ လိုအပ်တဲ့ အခြေခံလုပ်ဆောင်ချက်တွေကို နိုင်ငံတွေအနေနဲ့ ပြန်လည်ကတိကဝတ်ပြုနိုင်ဖို့ အခွင့်အလမ်း” လို့ ပြောပါတယ်။

ကမ္ဘာ့ဒုက္ခသည်များဖိုရမ်မှာ ဂါဇာကဒုက္ခသည်တွေအရေး လွှမ်းမိုးနေပေမယ့် မဟာမင်းကြီး Grandi က ကမ္ဘာတဝန်းက လူသားချင်းစာနာထောက်ထားမှုနဲ့ ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းတွေကိုလည်း မျက်ခြေမပြတ်ဖို့ အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။ “ရိုဟင်ဂျာဒုက္ခသည်တွေအရေးအပါအဝင် သန်းနဲ့ချီတဲ့ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ ဆူဒန်နဲ့ယူကရိန်းက အရပ်သားတွေရဲ့အခြေအနေ၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေလို နှစ်ရှည်လများ ဖြစ်နေတဲ့ အကျပ်အတည်းတွေကိုလည်း အာရုံစိုက်ပြီး ပံ့ပိုးပေးဖို့” သူက တောင်းဆိုပါတယ်။

Grandi ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ဂါဇာကမ်းမြောင်ဒေသကအခြေအနေကို “ကြီးမားတဲ့ကပ်ဆိုးကြီး”အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ အဲဒီမှာ "အရပ်သားထိခိုက် သေဆုံးမှုနဲ့ နေရပ်စွန့်ခွာမှုတွေ ထပ်ဖြစ်လာမယ်" လို့ Grandi ကသတိပေးခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်ထိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုချက်အတိုင်း "ဂါဇာမှာ အခု ချက်ခြင်း လူသားချင်းစာနာမှု အပစ်အခတ်ရပ်ဖို့နဲ့ ဓားစာခံတွေ ပြန်လွှတ်ရေး" လုပ်ငန်းစဥ်တွေ ပြစဖို့ တိုက်တွန်းခဲ့ပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ယူဆောင်ပေးမယ့်ဆွေးနွေးပွဲ” တွေလုပ်ဖို့လည်း သူက တောင်းဆိုပါတယ်။ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာရဲ့ညီလာခံမိန့်ခွန်းထဲမှာလည်း “ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ဒုက္ခသည်အများစုဖြစ်တဲ့ ပါလက်စတိုင်း ၁.၉ သန်းကျော်ဟာ အိုးအိမ်တွေကနေ ထပ်မံစွန့်ခွာထွက်ပြေးနေရတယ်” လို့ အစ္စရေးစစ်တပ်ရဲ့စစ်ဆင်ရေးကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့ဒုက္ခသည်များဖိုရမ် စတင်ကျင်းပ