အင်ဒိုနီးရှား စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ဟောင်းကို သမ္မတအဖြစ်အတည်ပြု

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာခံရပြီးတဲ့နောက် ဗိုလ်ချုပ်ဟောင်း Prabowo Subianto က ဂျာကာတာမြို့မှာ အောင်ပွဲခံမိန့်ခွန်းပြောကြားစဥ်။ (မတ်လ ၂၀၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံမှာ အရင် အာဏာရှင်ခေတ် အထူးတပ်ဖွဲ့ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) ကို အရင်လကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ဒီရလဒ်အပေါ် အဓိကပြိုင်ဘက်နှစ်ဦးက ပြန်လည် စိစစ်ပေးဖို့ တရားရုံးမှာတောင်းဆိုဖို့ရှိနေပါတယ်။

တရားဝင် မဲရေတွက်မှုတွေအပြီးမှာ ဆူဘီရန်တိုက မဲအရေအတွက်အားလုံးရဲ့ ၅၈.၆% ကိုရရှိခဲ့ပြီး ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အာနီးစ် ဘက်စ်ဝီဒန် (Anies Baswedan) က ၂၄.၉% နဲ့ ဗဟို ဂျာဗားကျွန်း အုပ်ချုပ်ရေးမှူး ဂန်ဂျား ပရာနိုဝူ (Ganjar Pranowo) က ၁၆.၅% ရရှိခဲ့ကြောင်း အထွေထွေ ရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။ အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲအငြင်းပွားမှုတွေကို တရားဝင်ရလဒ်ကြေညာပြီးနောက် (၃) ရက်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှာ တိုင်ကြားကန့်ကွက်နိုင်ပါတယ်။

အခြား ကိုယ်စားလှယ်လောင်းနှစ်ဦးက လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုရဲ့သားဖြစ်သူ ဒုတိယသမ္မတလောင်းအဖြစ်ပါဝင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ လိမ်လည်မှုနဲ့ မမှန်မကန်လုပ်မှုတွေရှိနေတယ်လို့ စွပ်စွဲနေကြပါတယ်။ လူအများကြားရေပန်းစားတဲ့ လက်ရှိသမ္မတဝီဒိုဒိုဟာ လက်ရှိ ဒုတိယသမ္မသက်တမ်းကို တာဝန်ထမ်းဆောင်ပြီးရင် ဥပဒေအရ ထပ်မံအရွေးခံဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ သားဖြစ်သူကို ဒုတိယသမ္မတလောင်းအဖြစ် ယှဥ်ပြိုင်စေမှုက ဆူဘီရန်တိုအပေါ် ထောက်ခံအားပေးနေတဲ့ လက္ခဏာတရပ်အဖြစ် အများက ရှုမြင်ကြပါတယ်။

ဝီဒိုဒိုရဲ့သားဖြစ်သူ ဂီဘရန် ရာကာဘူမီ ရာကာ (Gibran Rakabuming Raka) အသက် ၃၇ နှစ်ပဲ ရှိသေးပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကိုယ်စားလှယ်လောင်းတွေအတွက် အနိမ့်ဆုံး အသက် သတ်မှတ်ချက် ၄၀ နှစ်ကို ခြွင်းချက်ပြုပေးခဲ့လို့ သူဟာ ဆူဘီရန်တိုရဲ့ ဒုတိယ သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။ သမ္မတဝီဒိုဒိုရဲ့ယောက်ဖဖြစ်သူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ တရားသူကြီးချုပ်ဟာလည်း ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်တွေကို အနီးကပ်ပြီးမှ ပြောင်းလဲခဲ့မှုအတွက် ကျင့်ဝတ်ဆိုင်ရာခုံရုံး ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဝီဒိုဒိုရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် လက်ရှိ ထမ်းဆောင်နေတဲ့ ဆူဘီရန်တိုဟာ အရင်လ ရွေးကောက်ပွဲနေ့ကတည်းက တရားဝင်မဟုတ်သေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၆၀% နီးပါးရရှိထားလို့ သူအနိုင်ရကြောင်း အခိုင်အမာကြေညာထားပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှား စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ဟောင်းကို သမ္မတအဖြစ်အတည်ပြု