ကော့ကရိတ်မြို့ကို KNLA နဲ့ပူးပေါင်းတပ်တွေ ဝင်တိုက် 

အောက်တိုဘာ ၂၁၊ ၂၀၂၂ မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း နေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ မနက်က ဝင်ရောက်တိုက်ခိုက်ပြီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတချို့ရှိတဲ့အကြောင်း KNLA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ ၅ ရဲ့ တပ်ခွဲမှူး ကိုဇွဲက VOA ကို ပြောပါတယ်။

“ကျနော့်အဖွဲ့တွေပါဝင်သလောက်ကတော့ ရန်သူရဲ့အလောင်း ကိုးလောင်း၊ဆယ်လောင်းရထားတယ်။ လက်နက်ကတော့ ပစ္စတိုတလက်ပဲရထားတယ်ပေါ့နော်၊ အားလုံး သူတို့ပြန်ကောက်ပြီး ထွက်ပြေးသွားတယ်ပေါ့နော်။ မြို့ကိုထိန်းနိုင်တဲ့အနေအထားကတော့ ရှိတာပေါ့ဗျာ၊ ဒါကြွားတာမဟုတ်ဘူး။ ကျနော်တို့ကျားဖြူစစ်ကြောင်းနဲ့ အနီးနားပူးပေါင်းစစ်ကြောင်းနဲ့ ....ရဲ့ဗျူဟာအောက်မှာဆိုလို့ရှိရင် ကော့ကရိတ်မြို့ကိုထိန်းဖို့က ကျနော်တို့အတွက် သိပ်မခက်တဲ့အခြေအနေမျိုးပဲ။ ဒါပေမယ့်ဘာလဲဆိုတော့ အဲဒီအနီးအနားမှာ ပြန်ဝန်းရံထားတဲ့ ခလရ ၉၉ တို့၊ ၂၇၅ တို့ ဒီလိုမျိုး တပ်ရင်းတွေကိုပြန်ပြီးတော့မှ ...ဗျူဟာတို့ ဒါတွေကိုပြန်ထိန်းနိုင်တော့မှ မြို့ကိုအတည်တကျထိုင်လို့ရမှာလေ။ မြို့ကိုအတည်တကျထိုင်ဖို့အတွက်ကတော့ လိုသေးတယ်လို့မြင်တယ်ပေါ့နော်၊ ပြင်ဆင်ရအုံးမယ်။ မြို့ကိုသိမ်းဖို့ကတော့ အဲလောက်မခက်ပါဘူး။”

ကနဦးသတင်းတွေအရ ကော့ကရိတ်မြို့ရဲစခန်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တဲ့အချိန် အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြား အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။ လက်တလော ကော့ကရိတ်မြို့မှာ ရဲစခန်းနဲ့ ရုံးတွေရှိတဲ့ နေရာတွေကို ပိတ်ထားတယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။

စစ်ကောင်စီကတော့ လူနေရပ်ကွက်တွေ၊ ဝန်ထမ်းအိမ်ယာတွေနဲ့ ရုံးဌာန အဆောက်အဦးတွေ တိုက်ခိုက်ခံရကြောင်းနဲ့ ပြည်သူတချို့နဲ့ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာ ရတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာတဲ့ အရေအတွက် အတိအကျကိုတော့ မပြောပါဘူး။ သက်ဆိုင်ရာ တပ်ဖွဲ့မှူးရုံးနဲ့ ရဲစခန်းတွေကို လာရောက် ပစ်ခတ်တာတွေ ရှိပေမယ့် ရဲစခန်းထဲက အချုပ်ခန်း ပွင့်သွားခဲ့တာမျိုး မရှိဘူးလို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေထားပါတယ်။

သတင်းတွေမှာတော့ KNLA နဲ့ ပူးပေါင်းတပ်တွေက မြို့နေရာ တော်တော်များများကို ထိန်းထားဖို့ ကြိုးစားနေတဲ့အကြောင်း ဖော်ပြကြပါတယ်။ ကော့ကရိတ်မြို့ဟာ ကရင်ပြည်နယ်အတွင်း အချက်အခြာကျတဲ့ မြို့ဖြစ်ပြီး ပတ်ပတ်လည်မှာ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ မြဝတီနဲ့ ကျိုက်မရော မြို့တွေ ရှိပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကော့ကရိတ်နဲ့ ကျုံဒိုးနှစ်မြို့ပါဝင်ပြီး နှစ်မြို့ပေါင်း လူဦးရေ ၇ သိန်း နီးပါးရှိတဲ့မြို့ ဖြစ်ပါတယ်။ တိုက်ပွဲနောက်ဆုံး အခြေအနေကို VOA က ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကော့ကရိတ်မြို့ကို KNLA နဲ့ပူးပေါင်းတပ်တွေ ဝင်တိုက် .mp3

===========

[[Unicode]]





