ယူကရိန်းမြို့တော် Kyiv အီရန်လုပ် Shahed ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

Kyiv မြို့တွင်း ဒရုန်းနဲ့တိုက်ခိုက်ချိန် လဲကျသွားတဲ့ အမျိုးသားတဦး။ (အောက်တိုဘာ ၁၇၊၂၀၂၂) 


[[Zawgyi/Unicode]]

အခု တနင်္လာနေ့မနက်ပိုင်း ယူကရိန်းမြို့တော် Kyiv မှာ အီရန်လုပ် Shahed ဒရုန်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတော်များများ ခံခဲ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ Kamikaze တိုက်ခိုက်မှုလို့ တင်စားခေါ်ဝေါ်တဲ့ ဒရုန်းယာဉ်နဲ့ ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်တာမျိုးကို ရုရှားက ပြုလုပ်လေ့ရှိတာပါ။

တညလုံး တမနက်လုံးမှာ ရန်သူဘက်က အရပ်ဘက်ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တယ်လီဂရမ် လူမှုကွန်ယက်မှာ ရေးပါတယ်။ “Kamikaze ဒရုန်းတွေနဲ့ ဒုံးကျည်တွေဟာ ယူကရိန်းတနိုင်ငံလုံးကို တိုက်ခိုက်နေတယ်၊ ရန်သူဟာ ယူကရိန်းမြို့တွေကို တိုက်ခိုက်နိုင်ပေမယ့်လည်း ယူကရိန်းကို ဖျက်ဆီးလို့ရမှာမဟုတ်ဘူး” လို့လည်း သမ္မတ Zelenskyy က ရေးပါတယ်။

Kyiv မြို့လယ် Schevchenko ခရိုင်မှာလည်း တိုက်ခိုက်မှုခံရတယ်လို့ Kyiv မြို့တော်ဝန် Vitali Klichko က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်းနိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေကြုံခဲ့ရာမှာလည်း အဲဒီ နေရာကို ရုရှားဒုံးကျည်တွေထိမှန်ခဲ့ဖူးပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦးအစိတ်အပိုင်းတွေ ပျက်စီးပြီး လူမနေတဲ့အဆောက်အအုံတခု မီးလောင်သလို လူတဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း Kyiv မြို့တော်ဝန်က ပြောပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အဆောက်အအုံတခုရဲ့အပျက်အစီးတွေကြားထဲကနေ လူ ၁၈ ဦး ကယ်ထုတ်နိုင်ခဲ့ပေမယ့် နှစ်ဦးကတော့ ပိတ်မိနေဆဲပဲလို့လည်း သူက ပြောပါတယ်။ ယူကရိန်းအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြစ်နိုင်သမျှအမြန်ဆုံးလိုအပ်နေတယ်လို့ ယူကရိန်းသမ္မတရုံးအကြီးအကဲ Andrii Yermak က ပြောပါတယ်။

အခုတနင်္လာနေ့ဖြစ်တဲ့ ယူကရိန်းအရပ်သားတွေကို တိုက်ခိုက်မှုအပေါ် Kyiv မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ပြစ်တင်ရှုတ်ချပါတယ်။ ယူကရိန်းပြည်သူတွေရဲ့ ကြံကြံခိုင်မှုအင်အားကို ချီးကျူးပြီး ဘယ်လောက်ပဲအချိန်ကြာကြာ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့လည်း အမေရိကန်သံရုံးရဲ့ တွစ်တာလူမှုကွန်ယက်ပေါ်က ကြေညာချက်မှာဖော်ပြပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယားဒေသကြား အဓိက ဆက်သွယ်ပေးနေတဲ့ တံတားတခု တိုက်ခိုက်ခံရတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာလို့ ရုရှားသမ္မတ Vladimir Putin က ပြောခဲ့ပါတယ်။ Kyiv မြို့မှာ နှိုင်းယှဉ်ချက်အရ ငြိမ်ငြိမ်သက်သက်ရှိရာကနေ ပြီးခဲ့တဲ့အပတ်ကစလို့ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပြန်ကြုံလာရပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းမြို့တော် Kyiv အီရန်လုပ် Shahed ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ.mp3

--------------

[[Unicode]]






