[[Zawgyi/Unicode]]
လင်ကွန်းအောက်မေ့ဘွယ်ရုပ်တု နှစ်တရာပြည့် အခမ်းအနားကို အမျိုးသားဥယျာဉ် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ဦးစီးပြီး လူထုက သူ့သဘောနဲ့သူ အုပ်စုလိုက် အထိမ်းအမှတ်ပွဲတွေ ကို တလလုံး ကျင်းပခဲ့ကြပါတယ်။ ၁၉၂၂ ခုနှစ် မေလ ၃၀ ရက်နေ့ က လင်ကွန်းရုပ်တုကို ဖွင့်လှစ်ခဲ့တာပါ။ အဆောက်အအုံ ဟာ အပြင်ကနေ ကြည့်ရင် နာမည်ကျော် ဂရိဘုရားကျောင်း Parthenon နဲ့ တူပြီး အတွင်းမှာ ၆ မီတာ အမြင့်ရှိတဲ့ သမ္မတလင်ကွန်းထိုင်နေတဲ့ရုပ်တု ရှိပါတယ်။
လင်ကွန်းဟာ ၁၆ ယောက်မြောက် အမေရိကန်သမ္မတဖြစ်ပြီး ၁၈၆၁ ကနေ ၆၅ အထိ သမ္မတတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ကို အဆုံးသတ် ခဲ့ပြီး ပြည်တွင်းစစ်မှာ မြောက်ပိုင်းကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ လင်ကွန်းရုပ်တုဟာ အာဖရိကန် လူမည်းတွေမပါဘဲ မြောက်ပိုင်းလူဖြူတွေနဲ့ တောင်ပိုင်းလူဖြူတွေကြား ရင်ကြားစေ့ရေး သဘောဆောင်တယ်လို့ Northwestern တက္ကသိုလ်က သမိုင်းပညာရှင် Kate Masur က ဆိုပါတယ်။
လင်ကွန်းဟာ ကျွန်စနစ်ကို အဆုံးသတ်ခဲ့ပေမယ့် လူမျိုးရေးခွဲခြားမှုကတော့ အမေရိကန်မှာ ဆက်လက် ရှိနေခဲ့တာပါ။ လင်ကွန်းရုပ်တုဖွင့်ပွဲမှာ လူမည်းတွေ ကို ရှေ့တန်းနေရာတွေကနေဖယ်ခဲ့ပြီး နောက်ပိုင်းက လူမည်းသီးသန့်နေရာကို ပို့ခဲ့တယ်လို့ Hunter College က မူဝါဒ လေ့လာရေး အဖွဲ့ ညွှန်ကြားရေးမှူး Harold Holzer က ပြောပါတယ်။ လူဖြူလူမည်း လူမျိုးရေးကွဲခဲ့တဲ့အကွဲက ဒီနေ့အထိတိုင် ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ လင်ကွန်းရုပ်တု နေရာဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေအတွက် နေရာလည်း ဖြစ်လာခဲ့ပါတယ်။
Your browser doesn’t support HTML5
ဝါရှင်တန်က လင်ကွန်းရုပ်တု နှစ်တရာပြည့်
============
[[Unicode]]
============