[[Zawgyi/Unicode]]
အင်ဒိုနီးရှားနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့မှာ အအေးမိပျောက်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးရည်သောက်မိလို့ ကလေးငယ် အများအပြား ကျောက်ကပ်ပျက်စီး သေဆုံးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၉၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် ချောင်းဆိုးပျောက်ဆေး အရောင်းအားလုံးကို ယာယီပိတ်ထားပါတယ်။ အောက်တိုဘာ ၁၈ ရက်အထိ အင်ဒိုနီးရှားမှာ ချောင်းဆိုးပျောက်ဆေးရည်သောက်သုံးမိတဲ့ ကလေးငယ် ၂၀၀ ကျော် နာမကျန်းဖြစ်ခဲ့ပြီး ၉၉ ယောက်ထက်မနည်း သေဆုံးခဲ့တာပါ။ ဆေးရည်တွေထဲမှာ အဆိပ်သင့်ဓါတုတွေ ပါမပါ စစ်ဆေးမှု မပြီးခင်အထိ ဒီဆေးရည်တွေ ရောင်းချခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဌာနက အောက်တိုဘာ ၂၀ ရက် ကြာသပတေးနေ့က ကြေညာပါတယ်။
ကလေးငယ်တွေ သောက်မိတဲ့ ဆေးရည်တချို့က အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်တွေ ဖြစ်တယ်လို့ တချို့က ပြောပေမယ့် ဘယ်ကထုတ်တဲ့ ဆေးရည်တွေကြောင့် အခုလို ကလေးငယ်အများအပြား သေဆုံးရတယ်ဆိုတာ အင်ဒိုနီးရှားကျန်းမာရေးဌာနကတော့ မပြောသေးပါဘူး။ ဒါပေမယ့် ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ် ၇၀ နီးပါး အလားတူ ကျောက်ကပ်ပျက် သေဆုံးခဲ့တာဟာ အိန္ဒိယနိုင်ငံထုတ် အအေးမိ၊ ချောင်းဆိုးပျောက်ဆေးရည်နဲ့ဆက်စပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အောက်တိုဘာလဆန်းကပဲ သတိပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Maiden Pharmaceuticals ကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးရည် အမျိုးအစား ၄ မျိုးကို မသုံးကြဖို့လည်း ဂမ်ဘီယာမှာ တားမြစ်ခဲ့ပါတယ်။ အဲဒီချောင်းဆိုးဆေးရည်တွေကတော့ Promethazine ၊ Kofexmalin၊ Makoff နဲ့ Magrip N ဆေးရည်တွေဖြစ်ပြီး စီးကရက်နဲ့ ဆိုးဆေးတွေမှာသုံးတဲ့ အရသာ ဓာတုဒြပ်ပေါင်း ပမာဏ အလွန်အကျွံဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ရာချီသေဆုံး.wav
===========
[[Unicode]]