ရခိုင်အရပ်သား ၃၀ ကျော် ဖမ်းဆီး တရားစွဲဆိုခံထားရ

ရခိုင်ပြည်နယ်အတွင်းမှာတွေ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (ယခင် မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပြန်အလှန်ဖမ်းဆီးမှုတွေမှာ ရခိုင်ပြည်နယ်အနှံ့က အရပ်သား ၃၀ ကျော်ကို စစ်တပ်ဘက်က ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ရခိုင်အရေးတက်ကြွသူတွေကတော့ အခုလို သာမန်အရပ်သားတွေကို ဖမ်းဆီး တရားစွဲဆိုတာမျိုးမလုပ်ဖို့နဲ့ ဖမ်းထားသူတွေကို အမြန်စိစစ်ပြီး ပြန်လွှတ်ဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တဘက်နဲ့တဘက် အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။ အဲဒီဖမ်းဆီးမှုတွေမှာ AA အဖွဲ့ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေး တရားစွဲဆိုခဲ့တယ်လို့ ရခိုင်အရေးတက်ကြွသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတော့ တရားစွဲဆိုခံထားရသူ ၃၀ ကျော်ရှိတယ်လို့ ဖမ်းဆီးခံထားရသူတွေကို စာရင်းကောက် ယူနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဟင်အောင်ကပြောပါတယ်။

“ကျနော့်ဆီမှာ ကျနော်ပြုစုထားတဲ့ စာရင်းအရ နကစက ဖမ်းဆီးထားတဲ့ လူစုစုပေါင်းက ၃၂ ဦးကို ပုဒ်မ ၅၀၅-က ရယ်၊ ၅၀၅-ခ တွေနဲ့ တရားစွဲထားတယ်၊ စုစုပေါင်းရခိုင် တပြည်နယ်လုံးဆိုရင် ၃၂ ဦးရှိတယ်ဗျာ။”

အခုလို ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေထဲမှာ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုဇော်မိုးထက်တယောက်လည်း ပါဝင်ပါတယ်။သူ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျောက်တော်မြို့ပေါ်က လမ်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ရာမှာ ဖုန်းမှာ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်နဲ့ အတူ ဓာတ်ပုံတွဲရိုက်ထားတာကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း မိသားစုဝင်တွေကပြောပါတယ်။

အဲဒီဓာတ်ပုံဟာလည်း ပြီးခဲ့တဲ့ ဧပြီလက ကျောက်တော်မြို့နယ်မှာ ရခိုင်လက်နက် ကိုင် AA အဖွဲ့က ကျင်းပခဲ့တဲ့ သြင်္ကန်ပွဲမှာ ရိုက်ထားတာဖြစ်တယ်လို့ ကိုဇော်မိုးထက်ရဲ့ အမဖြစ်သူက ပြောပါတယ်။ လက်ရှိမှာတော့ ကိုဇော်မိုးထက်ကို တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားတယ်လို့လည်း သူ့အမဖြစ်သူကပြောပါတယ်။

“ မောင်လေးကိုတော့ ၅၀၅-က နဲ့တရားစွဲထားပါတယ်။ ကျမပြောချင်တာကတော့ မတရားအဖမ်းခံထားရတာ ကျမ မောင်လေးမှာ ဘာအပြစ်မှ မရှိဘူး၊ သြင်္ကန်ဆိုတာကတော့ လူတိုင်းသွားတာလေ။ ဓာတ်ပုံတပုံကြောင့် အခုလို ဖမ်းဆီးတရားစွဲတယ်ဆိုတာကတော့ မကောင်းဘူးလေ။”

တဘက်နဲ့တဘက် တပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ဖမ်းဆီးကြတဲ့အထဲမှာ စစ်ကောင်စီအနေနဲ့ အခုလိုအရပ်သားတွေကို ဖမ်းဆီးပြီးတော့ တရားဆိုစွဲဆိုတာမျိုးမလုပ်သင့်သလို ဖမ်းဆီးထားသူတွေကိုလည်း စိစစ်ပြီးတော့အမြန်းဆုံးပြန်လွတ်ပေးဖို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဟင်အောင်က ပြောပါတယ်။

“ အရပ်သားတွေ ပါသွားတယ်ဆိုတာက တော်တော်လေး မကောင်းဘူးပေါ့နော်၊ နိုင်ငံရေး ရှုထောင့်ကပဲ ကြည့်ကြည့်၊ တခြား ဘယ်ဘက်ကပဲ ကြည့်ကြည့်ပေါ့ဗျာ၊ အရပ်သားဆိုတာ သူ့မိသားစုနဲ့သူ အေအေးဆေးဆေးလုပ်ကိုင်စားသောက်နေတဲ့သူတွေဖြစ်တယ်။ ဒီလူတွေကို အမြန်ဆုံးစိစစ်ပြီးတော့ လွှတ်ပေးဖို့လိုတယ်လို့တော့ ကျနော်သုံးသပ်တယ်။”

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်ကလည်း အင်အားတိုးချဲ့တာတွေနဲ့ ရေတပ် စစ်ရေးလေ့ကျင့်တာတွေလည်း လုပ်နေပါတယ်။ ဒါ့အပြင် ရခိုင်ပြည် အနှံ့က မြို့ဝင်မြို့ထွက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ် စစ်ဆေးနေတာတွေရှိသလို ခရီးတင်ယာဉ်တွေနဲ့ ရေယာဉ်တွေကိုလည်း စစ်ဆေးနေတာတွေလည်းရှိနေပါတယ်။

#MyanmarArrest #VOABurmse #ရခိုင် #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီတပ် #အပြန်အလှန်ဖမ်းဆီး
==============

[[Zawgyi/Unicode]]












==============