NLD စစ်ကိုင်းဝန်ကြီးချုပ် ထောင်ဒဏ်တနှစ်ထပ်တိုး

NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံး မဲနိုင်အောင် ဆောင်ရွက်ခဲ့တယ်ဆိုပြီး ဇွန်လ ၁ ရက်နေ့မှာ ပုဒ်မ ၁၇၁ (စ) နဲ့ ထောင်ဒဏ် (၁ ) နှစ် ထပ်မံချမှတ်လိုက်ပါတယ်။ ဒေါက်တာမြင့်နိုင်ဟာ ဒီအမှုပါဆိုရင် အမှုပေါင်း ၉ မှုနဲ့ ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံထားရပါတယ်။ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ နောက်ထပ်အမှုတမှုလည်း ထပ်မံတရားစွဲခံထားရတယ်လို့ သိရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာပါ။

မုံရွာအကျဉ်းထောင်တွင်းတရားရုံးကနေ့ NLD အစိုးရလက်ထက်ကစစ်ကိုင်းတိုင်း ဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်ကို ပုဒ်မ ၁၇၁(စ)နဲ့ ထောင်ဒဏ်တနှစ် ထပ်ချခဲ့တာပါ။ ဒေါက်တာမြင့်နိုင်ဖက်ကတော့ ဒီအမှုနဲ့ပတ်သက်လို့ အထက်တရားခံကို အယူခံဆက်တင်မှာမဟုတ်ဘူးလို့ ရှေ့နေက ပြောပါတယ်။

“တနှစ်ချမှတ်လိုက်ပါတယ်။ အယူခံမတက်ဘူး မတက်ချင်ဘူးတဲ့။ သူကတော့ဗျာ မကျေနပ်ဘူးပေါ့ဗျာ။ အဲလိုတွေ မလုပ်ခဲ့ဘူး။ သူလည်း လာဘ်မစားခဲ့ဘူး။ အဂတိတွေမလုပ်ခဲ့ဘဲ အခုလိုထောင်ချခံရတဲ့အတွက် မကျေနပ်ဘူးပြောတယ်။ ကျန်တာတော့ဘာမှမပြောပါဘူး။ ကျန်းမာရေးကောင်းပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက အဂတိမှု ၇ မှုအပြင် အများပြည်သူတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု (ဒါမှမဟုတ်) လုပ်ဆောင်မှု ပုဒ်မ ၅၀၅ -ခ၊ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးကာ တရားမဲ့ပြုကျင့်မှု ပုဒ်မ ၁၇၁ (စ) စတဲ့ အမှုပေါင်း ၉ မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

လက်ရှိမှာ ဒေါတ်တာမြင့်နိုင်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ရှေ့နေကပြောပါတယ်။ လက်ရှိ အမှု ၉ မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရပြီး နောက်ထပ် ရွေးကောက်ပွဲဆိုင်ရာအမှုတခုနဲ့ ထပ်မံတရားစွဲ ခံထားရထားရပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အခုချိန်ထိ ရွေးကောက်ပွဲဥပဒေထဲက ဘယ်ပုဒ်မနဲ့ တရားစွဲမယ် ဘယ်တော့ အမှုရင်ဆိုင်ရမလဲဆိုတာ မသိသေးဘူး သူ့ရှေ့နေက ပြောပါတယ်။

“ရှိသေးတယ်။ ရှိသေးတယ်။ ရွှေဘိုကရွေးကောက်ပွဲဥပဒေနဲ့ထပ်ပြီးတော့ စွဲတယ်။ ရွှေဘိုမြို့နယ်က ကော်မရှင်ဥပဒေနဲ့ ထပ်စွဲတယ်။ ဘာနဲ့ဆိုတာ မသိသေးဘူး။ အခုချိန်ထိတော့ မုံရွာကိုမရောက်လာသေး ဘူး။ ဘာမှမသိရသေးဘူး။ အဲတမှုရင်ဆိုင်ဖို့ရှိတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တွေကို ပုဒ်မတွေတော်တော်များများနဲ့ အရေးယူထားပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်အနှစ် ၈၀ ချမှတ်ပြီးနောက် ပြစ်ဒဏ်ထက်ဝက် လွတ်ငြိမ်းချမ်းသာခွင့်ပြုထားပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုကိုလည်း အမှုပေါင်း ၈ မှု တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂၂ နှစ်ချမှတ်ထားပါတယ်။ အမှုပေါင်း ၁၀ မှုနဲ့ စွဲဆိုခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ အမှုနှစ်ခုအတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာလည်း အမှု ၅ မှုတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှု ၇ မှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ကျန်အမှုပေါင်း ၁၀ မှုကျော်ကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

#MyanmarMilitaryCoup #NLDGovernment #VOABurmese #ဒေါက်တာမြင့်နိုင် #မလျော်သြဇာသုံးမှု #ပုဒ်မ၁၇၁(စ) #ဗွီအိုအေ

==========

[[Unicode]]










==========