ရခိုင်သင်္ကြန် လုံခြုံရေးတင်းကြပ်ပြီး ကျင်းပ

ရခိုင်သင်္ကြန် (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်မှာ လုံခြုံရေး တင်းကြပ်ထားတယ် လို့ ပြည်နယ် ကောင်စီပြောခွင့်ရက ပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်က ၁၇ မြို့ နယ်လုံးမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားနဲ့ ကျင်းပဖို့ ပြင်ဆင်ထားသလို တခြားတိုင်းနဲ့ ပြည်နယ်က လူတော်တော်များများလည်း ရခိုင်သင်္ကြန်ပွဲတော်ကို လာရောက်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေနဲ့ သံတွဲ ငပလီကမ်းခြေမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် စီစဉ်ထားတယ်လို့ ပြည်နယ်စစ်ကောင်စီကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ကိုဗစ်ကူးစက်မှုတွေလည်း မရှိသလို အေးအေးချမ်းချမ်းဖြစ်နေတာကြောင့် သင်္ကြန်ပွဲတော်မှာ စည်စည်ကားကားဖြစ်ဖို့ ရှိတယ် လို့ ရခိုင်ပြည်နယ် ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်သင်္ကြန်ကတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေထက်စာရင် ဒေသရဲ့ တည်ငြိမ်အေးချမ်းရေးပေါ်မှာ မူတည်ပြီးတော့ စည်စည်ကားကားဖြစ်မှာပေါ့နော်၊ အခုလောလောဆယ် ငါ သံတွဲကို ရောက်နေတယ်။ စစ်တွေမှာလည်း သင်္ကြန်နဲ့ ပတ်သက်ပြီး လုပ်ထားတာရှိတယ်။ သံတွဲရဲ့ လက်ရှိအနေအထားကို ကြည့်ရင်လည်း သင်္ကြန်မှာ စည်စည်ကားကားဖြစ်ဖို့ ရှိတယ်။”

ရခိုင်ပြည်နယ်မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာဆင်နွဲဖို့ တခြား တိုင်းနဲ့ဲပြည်နယ်တွေက လူတွေတော်တော်များများလည်း ရောက်ရှိနေတယ်လို့ဆိုပါတယ်။

ရခိုင်သင်္ကြန်မှာ ပြဿနာတစုံတရာမရှိရအောင်နဲ့ ပြည်သူတွေဘေးကင်းဖို့အတွက် လုံခြုံရေး တင်းကြပ်ဆောင်ရွက် ထားတယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်း ကပြောပါတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရခိုင်မှာ သင်္ကြန်ကို စည်စည်ကားကား ဖြစ်ဖို့၊ ဒီကြားထဲမှာ အမှောင့်ပယောဂတွေ မရှိနိုင်အောင်လို့ လုံခြုံရေးကိစ္စတွေကို တင်းကြပ်ဖို့ ဒါကလည်း သင်္ကြန်နဲ့ ပတ်သက်ပြီး လုံခြုံရေးကော်မတီထဲမှာ နယ်လုံဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပါတယ်။ ဒါကြောင့် အခု မြို့အဝင်အထွက်တွေ၊ မြို့ ထဲတွေမှာ အခါအားလျော်စွာ လုပ်နေတာ ရှိပါတယ်။ သင်္ကြန်လုပ်တဲ့အခါမှာလည်း မြို့ထဲတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ခါ စောင့်ကြည့်တဲ့အဖွဲ့တွေ၊ လှည့်လည်ပြီးတော့ လုံခြုံရေးတာဝန် ပေးထားတဲ့ အဖွဲ့တွေ ဒါလေးတွေနဲ့ ဆောင်ရွက်နေပါတယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ မရှိသလောက်နည်းပါးနေတယ်ဆိုပေမယ့် ကိုဗစ်စည်းကမ်းတွေ ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေ လိုက်နာကြဖို့လည်း ပြည်နယ်ကောင်စီ ဦးလှသိန်းက တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ပြောနေတာက ကိုဗစ်စည်းကမ်းအရ လူ ၄၀၀ အထိ စုနိုင်တယ်လို့ ကျနော်တို့ ကပြောတယ်။ လူ ၄၀၀ အထိ စုနိုင်တဲ့အတွက် သင်္ကြန်မဏ္ဍပ်တွေ လုပ်တဲ့အခါမှာ ကိုဗစ်စည်းကမ်းကိုလည်း လိုက်နာဖို့လိုတယ်။ ဒီလောက်ပဲ ပြောတာ၊ လူ ၄၀၀ ထက်ကျော်တယ်၊ ၅၀၀ ဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူက သွားပြီးတော့ ရည်တွက်နိုင်မလဲ။ ပြည်နယ်အစိုးရကိုယ်စား ကျနော်ပြောပြောနေတာက ကိုဗစ်စည်းမျဉ်းစည်းကမ်းမှာ လူ ၄၀၀ စုနိုင်တယ်။ ဒါလေးကိုလည်း ဂရုစိုက်ဖို့ လိုတယ်။ ဒီလိုပဲ ကျနော်တို့က ပြောတယ်။ ကိုဗစ်စည်းကမ်းက လူ ၄၀၀ အထိစုခွင့်ရှိတယ်၊ အဲဒါကို မဖျက်လိုက်ဘူး။ လူ ၁,၀၀၀ စုနိုင်ပြီ၊ ကိုဗစ်စည်းကမ်းကို ဖျက်လိုက်ပြီ။ အဲလိုမျိုးမဟုတ်ဘူး။ အဲဒါကြောင့် ကိုဗစ်စည်းကမ်းကို လိုက်နာကြပါအုံးလို့ ဒီလောက်ပဲ သတိပေးတာ။ ၄၀၀ ကျော်ရင် ဖမ်းဖို့ဆီးဖို့ ဆိုတာက သာမန်အားဖြင့် မဖြစ်နိုင်ဘူးထင်တယ်၊ ကျနော်တို့ အဲလို ၄၀၀ ကျော်လား မကျော်လား မင်းသွားကြည့်၊ ကျော်ရင်ဖမ်း ဆိုပြီး ခိုင်းထားတာလည်း မရှိဘူး။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ တိုက်ပွဲတွေနဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် သင်္ကြန်ပွဲ တော်ကို မကျင်းပဖြစ်ခဲ့ပါဘူး။ အခုနှစ်မှာတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ ငပလီကမ်းခြေတွေမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် ပြည်နယ်ကောင်စီက စီစဉ်နေပါတယ်။ တခြား ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာလည်း သင်္ကြန်မဣတွေ ဆောက်လုပ်ထားပါတယ်။

#MyanmarNewYear #Thingyan #Rakhine #VOABurmese #ရခိုင်သင်္ကြန် #သံတွဲသင်္ကြန် #စစ်တွေသင်္ကြန် #ကျောက်ဖြူသင်္ကြန် #ဗွီအိုအေ #ကိုဗစ်စည်းကမ်း
===============

[[Unicode]]











===============