သေဒဏ်စီရင်မှု စစ်ကောင်စီကို နယူးဇီလန်ဝေဖန်အပြစ်တင်

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး  Nanaia Mahuta

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် နယူးဇီလန်အစိုးရက ဝေဖန် ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ လွှတ်တော်စည်းဝေးပွဲအတွင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta က ဝေဖန် ပြောကြားလိုက်တာပါ။

“နယူးဇီလန်နိုင်ငံက သေဒဏ်ချမှတ်တာကို ကာလရှည်ကြာ ဆန့်ကျင်လာတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာစစ်ကောင်စီက အခုလို ကွပ်မျက်လိုက်တဲ့အပေါ် အပြင်းထန် ဆုံးနည်းလမ်းနဲ့ ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါတယ်” - လို့ ဝန်ကြီး Mahuta က ပြောကြားသွားတာပါ။

ဒါ့အပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်တပ်ရဲ့ ဒီလုပ်ရပ်ကြောင့် သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းလည်း လွှတ်တော်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီး Nanaia Mahuta က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အဲဒီလို ပြောကြားပြီးတဲ့နောက် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်မတ်တွေကလည်း အစိုးရအနေနဲ့ ဒါကို တုံ့ပြန်ဖို့ ဘာတွေ လုပ်ဆောင်ထားသလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အဲဒီမေးခွန်းတွေနဲ့ပတ်သက်လို့ ဝန်ကြီးက ပြန်လည် ဖြေကြားတာမှာတော့ - သူတို့ ၄ ဦးကို မကွပ်မျက်ခင် သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားပြီး နယူးဇီလန်အစိုးရရဲ့ သဘောထားကို အသိပေးခဲ့ကြောင်း၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနဲ့ ထိတွေ့ဆက်ဆံပြီး စစ်အုပ်စုကို သံတမန် ရေးအရ ဆက်ဆံခြင်းမပြုဖို့ ဆုံးဖြတ်ထားကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို ကွပ်မျက်လိုက်တာကြောင့် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီအပေါ် ဝေဖန် ပြောဆိုမှုတွေ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

Your browser doesn’t support HTML5

သေဒဏ်စီရင်မှု စစ်ကောင်စီကို နယူးဇီလန်ဝေဖန်အပြစ်တင်.mp3

===========

[[Unicode]]






