ရန်ကုန်မြို့လယ်ဗုံးကွဲမှုတရားခံ စစ်ကောင်စီဖော်ထုတ်

ရန်ကုန်၊ ကျောက်တံတားမြို့နယ် ဘားလမ်း ဘတ်စ်ကားဂိတ်ပေါက်ကွဲမှုမြင်ကွင်း။ (မေ ၃၁၊ ၂၀၂၂/တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

ရန်ကုန်မြို့လယ်ခေါင် မေလ ၃၁ ရက်နေ့ ဗုံးကွဲမှုရဲ့ လက်သည်တရားခံကို ဖော်ထုတ်ရရှိပြီး အဲဒီသူဟာ ဗုံးကွဲစဉ် သေဆုံးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အောင်ကြီး ခေါ် ထိန်လင်းထွန်း ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗုံးခွဲတယ်လို့ သံသယရှိသူ အဲဒီလူငယ်ဟာ ရန်ကုန်ကျောက်တံတားမြို့နယ်က ကွန်ပြူတာဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပြီး PDF သင်တန်းဆင်းလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အနီးအနားက CCTV မှတ်တမ်းကို ကိုးကားပြီး တရားခံကို ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ခဲ့တဲ့သူ့ဖုံးကို စစ်ဆေးရာမှာ PDF အဖွဲ့တွေနဲ့ အချိတ်အဆက်လုပ်ထားတာ တွေ့ရတယ်လို့ဆိုပါတယ်။ သူ သယ်ဆောင်လာတဲ့ အိတ်ကနေ ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။ နေပြည်တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောဆိုသွားတာဖြစ်ပြီး ဖောက်ခွဲသူနဲ့ PDF အချိတ် အဆက်ကို အသေးစိတ်ပြောဆိုတာတော့ မရှိသေးပါဘူး။

ရန်ကုန် ကျောက်တံတားမြို့နယ်က လူစည်ကားရာ ဘားလမ်းကားဂိတ်မှာ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတဦးသေဆုံး ၉ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ နောက်ထပ် မပေါက်ကွဲရသေးတဲ့ဗုံးတလုံးတွေ့တာကြောင့် ကားတာရာကွင်းတွေ ကာရံပြီး ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း အနီးအနားက လူတွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ဗုံးနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်က ပြောဆိုတာမျိုးမရှိပါဘူး။

ရန်ကုန်မြို့မှာ အစိုးရ ဌာနဆိုင်ရာရုံးတွေ ရပ်ကွက်ရုံးတွေမှာ မကြာခဏဆိုသလို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲတာတွေရှိပေမယ့် အများပြည်သူအသုံးပြုတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အရပ်သားတွေကို ထိခိုက်စေတဲ့ ဒီအကြမ်းဖက်မှုကို ဝေဖန် ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပါတယ်။ NUG ကာကွယ်ရေးဌာနအနေနဲ့ သူ့တပ်ဖွဲ့ရဲ့ စစ်သည်ကျင့်ဝတ်တွေကို တိတိကျကျသတ်မှတ်ထားသလို လိုက်နာဖို့ပျက်ကွက်ရင်လည်း ထိရောက်စွာအရေးယူတယ်လို့လည်း ဖော်ပြပါတယ်။

#MyanmarViolence #YangonBombing #VOABurmese #ရန်ကုန်မြို့လယ်ဗုံးကွဲမှု #ထိန်လင်းထွန်း #ကျောက်တံတားမြို့နယ် #ဗွီအိုအေ
==========

[[Unicode]]








==========