ဥရောပပါလီမန်ရဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေမှာ လက်ယာစွန်းဝါဒီတွေအသာစီးရလာချိန်မှာပဲ အမျိုးသားရေးဝါဒရဲ့ အန္တရာယ်ကြီးပုံကို ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံထဲက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့တဲ့နေရာကို အလည်အပတ်သွားချိန်မှာ အဲဒီလိုပြောဆိုခဲ့တာပါ။ အမျိုးသားရေးဝါဒနဲ့ အမုန်းတရားကြောင့် ဥရောပမှာ ထိခိုက်ပျက်စီးခဲ့ရတာကို မမေ့ကြဖို့၊ ပြန်လည်သင့်မြတ်ရေးအတွက် ဥရောပသမဂ္ဂရဲ့ ဆောင်ရွက်ချက်ကို သတိရကြဖို့လည်း ဂျာမန်သမ္မတ Steinmeier က ၁၉၄၄ ခုနှစ်က အရပ်သားတွေကို နာဇီစစ်သားတွေသတ်ဖြတ်ခဲ့တဲ့ Oradour-sur-Glane ကျေးရွာမှာကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားသွားပါတယ်။
ဂျာမန်သမ္မတနဲ့အတူရှိနေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဥရောပပါလီမန်ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ အခြေအနေမလှဖြစ်နေသလို ပြင်သစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတာပါ။ ၂၀၂၂ ခုနှစ် ဒုတိယသက်တမ်းမှာ လက်လွှတ်ခဲ့ရတဲ့ လွှတ်တော်အမတ်နေရာတွေမှာ ပြန်အနိုင်ရဖို့ သမ္မတ Macron ကမျှော်လင့်ထားချိန်မှာ လက်ယာစွန်း National Rally ပါတီက လက်ရှိအမတ်နေရာ ၈၈ နေရာထက် ပိုပြီး အနိုင်ရလာမယ့်ပုံရှိနေပါတယ်။
စစ်ပြီးခေတ် ပြင်သစ်-ဂျာမနီဆက်ဆံရေးဟာ ဥရောပရဲ့ အသက်သွေးကြောဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ပြင်သစ်သမ္မတ Macron ကလည်း Oradour ကပြာပုံတွေကြားမှာပဲ ပြန်လည်သင့်မြတ်ရေးလမ်းစဥ်တွေ ပိုမိုအားကောင်းလာအောင်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပြောကြားသွားပါတယ်။
Your browser doesn’t support HTML5
အမျိုးသားရေးဝါဒရဲ့အန္တရာယ်ကြီးမှု ဂျာမနီသမ္မတသတိပေး