နိုင်ဂျာအာဏာသိမ်းမှု  ECOWAS စစ်ရေးအရ ဖြေရှင်းရန် အသင့်

ECOWAS အဖွဲ့ရဲ့နိုင်ငံရေးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကော်မရှင်နာမင်းကြီး Abdel-Fatau Musah

အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ပြန်မရုပ်သိမ်းရင် အာဖရိကဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်တဲ့ ECOWAS အဖွဲ့အနေနဲ့ စစ်ရေးအရဝင်ဖြေရှင်းပေးဖို့အသင့်ပဲလို့ အဖွဲ့ရဲ့နိုင်ငံရေးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကော်မရှင်နာမင်းကြီး Abdel-Fatau Musah က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ဂျာအရေး ဂါနာနိုင်ငံကဆွေးနွေးပွဲမှာ ကော်မရှင်နာမင်းကြီးက စစ်ဗိုလ်ချုပ်ကြီးတွေကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြန်လည် အုပ်ချုပ်မှုရှိစေဖို့ နည်းလမ်းအားလုံးကိုသုံးရမှာဖြစ်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ နိုင်ဂျာသမ္မတ Mohamed Bazoum ကို စစ်တပ်အရာရှိတွေက ဖြုတ်ချပြီးဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ ဒေသတွင်းက ECOWAS အဖွဲ့အပြင် အနောက်အင်အားကြီး နိုင်ငံတွေကပါ သမ္မတကို အာဏာပြန်အပ်နှင်းဖို့တိုက်တွန်းနေပေမယ့် အခုချိန်အထိ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အနောက်အာဖရိကနိုင်ငံတွေကခေါင်းဆောင်တွေက လုံခြုံရေးတပ်တွေကို အသင့်အနေထားပြင်ထားကြပါတယ်။ ကော်မရှင်နာမင်းကြီး Musah က ဂမ်ဘီယာ၊ လိုင်ဘီးရီးယားနဲ့ တခြားနိုင်ငံတွေမှာ ECOWAS က တပ်တွေ ချထားကြောင်းပြောခဲ့သလို နိုင်ဂျာစစ်ခေါင်းဆောင်တွေဟာ ညှိနှိုင်းဆွေးနွေးမှုကို လက်ခံသယောင်ပြပေမယ့် တကယ်တန်း လိုက်နာချင်စိတ်မရှိဘူးလို့ ပြောပါတယ်။ ဒါ့ပြင် သမ္မတ Bazoum ကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ ရုံးတင်ဖို့လုပ်နေတာအတွက်ပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အခုလို သမ္မတ Bazoum ကို ဖမ်းဆီးထားတဲ့အတွက် ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂနဲ့ ECOWAS အဖွဲ့တွေ အားလုံးက စိုးရိမ်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နိုင်ဂျာ အာဏာသိမ်းမှု ECOWAS စစ်ရေးအရ ဖြေရှင်းရန် အသင့်