[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ ရုရှားဖယ်ဒရေးရှင်းအဖွဲ့ဝင် Tatarstan နိုင်ငံ သမ္မတတို့ ဒီနေ့တွေ့ဆုံပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး အဓိက သဘောတူခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာတဲ့ Tatarstan သမ္မတ Rustam Minnikhanov အနေနဲ့ ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နဲ့ မတွေ့ခင် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးနဲ့တွေ့ပြီး အခုလို ရင်းနှီးမြှုပ်နှံမူကိစ္စတွေ သဘောတူခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။
မြန်မာနိုင်ငံကို မနေ့ကပဲရောက်လာတဲ့ Tatarstan သမ္မတ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမူဝန်ကြီး ဦးအောင်နိုင်ဦးအပြင် သက်ဆိုင်ရာ တခြားဝန်ကြီးတွေနဲ့ပါတွေ့ဆုံကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးအပြင် ရေနံချက်စက်ရုံ ပြန်လည်မွမ်းမံဆောက်လုပ်ရေး အမြန်စတင်ဖို့ပါ သဘောတူ စာချုပ်နိုင်ခဲ့တယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကိုပြောပါတယ်။
စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေများလာချိန်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ပြီးရင် ဒုတိယမြောက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်အဆင့် ဒီခရီးမှာ လျှပ်စစ်ထုတ်ဖို့ သဘာဝဓာတ်ငွေ့သုံးတာ တိုးချဲ့ရေးပိုင်း ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
တကယ်တော့ နိုင်ငံတကာအနေနဲ့ ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားနိုင်ငံရဲ့စွမ်းအင်ကိုမဝယ်ဘဲ သပိတ်မှောက်လိုက်တာကြောင့် ရုရှားစွမ်းအင်ဈေးတွေ အများကြီး ကျလာချိန်မှာ လျှပ်စစ်နဲ့စွမ်းအင်ဆိုင်ရာ အကြပ်အတည်းကြုံလာတဲ့ မြန်မာနိုင်ငံကို Tatarstan သမ္မတ လာရောက်တဲ့ခရီးစဉ်ဖြစ်လာတာလို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။
#Tatarstan #MyanmarMilitaryCoup #voaburmese #ရုရှားဖက်ဒရေးရှင်း #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း
==================
[[Unicode]]
==================