Telegram လူမှုကွန်ယက် ဆက်သွယ်ရေး App ကို တည်ထောင်ဖန်တီးသူ ရုရှားနိုင်ငံသား Pavel Durov ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဘာမှ ဖုံးကွယ်ထားတာ မရှိတဲ့အကြောင်း နဲ့ သူတည်ထောင်တဲ့ App ကို အလွဲသုံးစားလုပ်တာနဲ့ ပတ်သက်လို့ ပိုင်ရှင်ကို ဖမ်းဆီးတာဟာ အဓိပ္ပာယ်မရှိတဲ့အကြောင်း Telegram app က ကြေညာချက် ထုတ်ပြန်ပါတယ်။
အာဇာဘိုင်ဂျန်က ပျံသန်းလာတဲ့ ကိုယ်ပိုင်လေယာဉ် ပဲရစ်မြို့အပြင်ဘက်က Le Bourget လေဆိပ်မှာ ဆင်းသက်ပြီးနောက် စနေနေ့က အသက် ၃၉ နှစ်အရွယ် ဘီလျံနာ သူဌေး Durov ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။
အခုလို ဖမ်းဆီးလိုက်တဲ့အတွက် သူ့ရဲ့ အခွင့်အရေးတွေပေးဖို့ ရုရှားက ပြင်သစ်ကို သတိပေးထားပြီး X လူမှုကွန်ယက်ပိုင်ရှင် Elon Musk က ဥရောပမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်နေပြီလို့ ဝေဖန်ပါတယ်။
ပြင်သစ် နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံသား အဖြစ်လည်း ခံယူထားတဲ့ Durov ကို ဖမ်းဆီးတဲ့အကြောင်းကတော့ Telegram app မှာ စိစစ်ကြပ်မတ်သူမရှိပဲ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုထားတာကို ကနဦး စုံစမ်းစစ်ဆေးနေပြီး ရဲတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိတာကြောင့်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
Forbes စီးပွားရေးမဂ္ဂဇင်းကြီးရဲ့ အဆိုအရ ဒေါ်လာ ၁၅.၅ ဘီလီယံလောက် ချမ်းသာတယ်လို့ ခန့်မှန်းရတဲ့ Durov ကတော့ သူ့ရဲ့ Telegram app ကို အစိုးရတချို့ရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့် ဒီ App ဟာ ပထဝီနိုင်ငံရေးအရ ဘက်မလိုက်တဲ့ ကြားနေ လူမှုကွန်ယက်တခုအဖြစ် ဆက်ရှိနေသင့်တယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5
တယ်လီဂရမ် App တည်ထောင်သူကို ပြင်သစ်ဖမ်းဆီးထား