ကန်သံအမတ် ရခိုင်ရောက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial ရခိုင်ပြည်နယ်ကိုရောက်ရှိစဉ်။ သတင်းဓာတ်ပုံ- U.S. Embassy Rangoon

ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှု ရှိရေးနဲ့ တည်ငြိမ်လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ဖို့လိုကြောင်း ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေက မြန်မာပြည်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel ကို ရှင်းပြတိုက်တွန်းခဲ့ကြပါတယ်။ ပြည်နယ်ဖွံ့ဖြိုးရေး အကူအညီပေးဖို့ အတွက် ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ သံအမတ်ကြီး Marciel နဲ့တွေ့ဆုံချိန်မှာ အခုလို ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ် ဖွံံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝကို ဘယ်လို မြှင့်တင်ပေးနိုင်မလဲ ဆိုတာ ဆွေးနွေးဖို့ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့သလို ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင် တွေ၊ ရခိုင်လူမှု အသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ကန် သံအမတ်ကြီး ရခိုင်ရောက်ရှိ။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ဖို့ လိုကြောင်း သူ့အနေနဲ့ဆွေးနွေးခဲ့တယ်လို့ ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

" သူတို့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ကျနော်တို့တောင် ပြောပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တအားကြိုက်တာပေါ့လို့။ ဒါပေမဲ့ ရခိုင်တွေကို ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်သလား။ တည်ငြိမ်လုံခြုံရေးကို လိုချင်သလား မေးရင် လုံခြုံတည်ငြိမ်ရေးကို လိုတယ်ဆိုတာမျိုးကို ခင်ဗျားကို အဖြေပေးလိမ့်မယ်။ အဲ့တာမျိုးကို ပြောတော့ သူကလည်း လက်ရှိ အခင်းအကျင်းလေးကို သဘောပေါက်တဲ့ပုံတော့ ကျနော်တို့ ယူဆလို့ရတာပေါ့။ "

တကယ်တော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုကြောင်း အမေရိကန်သံအမတ်ကြီးကို တင်ပြခဲ့တယ်လို့ ပြောသူက ANP ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဖြစ်ပါတယ်။

" တကယ်တမ်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးက တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေနဲ့အညီ ဦၤးစားပေးဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းရေး ကို ရရှိနိုင်မှာဖြစ်တယ်လို့ အထူးသဖြင့်တော့ ကျမတို့ ယခင်အစိုးရတုန်းက နိုင်ငံသား စိစစ်မယ့်ကိစ္စတွေမှာ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်မျိုးတွေ ရှိခဲ့တယ်။ အဲ့တာတွေကို ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပါ ဆိုတာမျိုးတွေကို ရခိုင်အမျိုးသားတွေဘက်က တင်ပြခဲ့ရတာတွေရှိတယ်။ "

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်း လုပ်ဆောင်နေတာ ရှိပါ တယ်။ ဒါပေမယ့် NLDပါတီ ဟာ ဒေသခံရခိုင်ပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်း လုပ်ဆောင်တာမျိုး အားနည်းနေတယ် လို့ ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

" လာမယ့်ကာလလေးမှာ တည်ငြိမ်အေးချမ်းအောင် ဘယ်လိုလုပ် မလဲ။ ရွေးကောက်ပွဲ မတိုင်ခင် ကျနော်တို့နဲ့ NLD တွေ့ဆုံဖူးတာ ရှိတယ်။ ရွေးကောက်ပွဲ အလွန်ကာလ သူတို့ သောင်ပြိုကမ်းပြို နိုင်ပြီးတဲ့နောက်မှာ ရခိုင်အမျိုးသားပါတီနဲ့ NLD တချိန်တခါမှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးညှိနှိုင်းကြတာ မရှိဘူး။ အဲ့ဒီ့တော့ ဆွေးနွေးညှိနှိုင်းပြီးမှ ဒီဘက်က မြေပြင်အခြေအနေကို NLD ဘက်က ယူသင့်တာပေါ့။ မယူပဲနဲ့ အခုလို ကုလသမဂ္ဂရဲ့ ၃၂ကြိမ်မြောက် ညီလာခံကြီးမှာ ရခိုင်ပြည်နယ်က မူဆလင် အသိုက်အဝန်းလို့ သုံးတာဟာ ဒီလိုထိလွယ်ရှလွယ်တဲ့အခြေအနေမှာ သုံးတဲ့အခါကျတော့ ကျနော်တို့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာ အတားအဆီးလေးတွေ ဖြစ်တယ်လေ။"

ရက် ၁၀၀ စီမံချက်အဖြစ် NLDအစိုးရက ရခိုင်ပြည်နယ်မှာ လောလောဆယ် လုပ်ဆောင်နေတဲ့ နိုင်ငံသား စိစစ်ခံရမယ့်သူအတွက် အစိမ်းရောင် သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှု မရှိဘူး လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

" နိုင်ငံသားစိစစ်မယ့်ကိစ္စတွေမှာ ကဒ်တွေပေးတဲ့အနေအထားတွေ။ ကျမတို့က အဲ့ဒီ့ကဒ်တွေ ထုတ်ပေးတယ်ဆိုတာ ဘယ်ဥပဒေနဲ့အညီ ထုတ်ပေးတာလဲဆိုတာ ကျမတို့ဘက်က အဓိပ္ပါယ်မရှင်းလင်းဘူး။ နိုင်ငံသား စိစစ်ရေးဆောင်ရွက်ခြင်းကို ခံယူမယ့်သူတွေကို ထုတ်ပေးတာလို့တော့ပြောတယ်။ ဒီလိုထုတ်ပေးဖို့ အနေအထားက ဘယ်လိုလုပ်ထုံးလုပ်နည်းတွေမှာ ရှိလဲဆိုတာ ကတော့ ပြည်သူတွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း မသိရဘူးဆိုတော့ ကျမတို့ဘက်က အားမလို အားမရ ကန့်ကွက်မှုတွေ ရှိနေကြတာလည်း သိရပါတယ်။"

သံအမတ်ကြီး ရခိုင်ခရီးစဉ်။

အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ရခိုင်ပြည်သူလူထုအတွက် ကူညီထောက်ပံ့မှုတွေအကြောင်းတွေ ကိုယ်တိုင်ရှင်းပြနိုင်ဖို့နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ပြည်နယ်တစ်ဝန်း လူမှုအသိုက်အဝန်းတွေက ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ အကူအညီပေးနိုင်မလဲ ဆိုတာတွေ ဆွေးနွေးနိုင်ဖို့ အတွက် ရခိုင်ပြည်နယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်သံအမတ် ရခိုင်ရောက်