ထိပ်သီးအစည်းအဝေး မြန်မာ့လူ့အခွင့်အရေးဆွေးနွေးဖို့ AI တိုက်တွန်း

ဂန့်ဂေါမြို့၊ နမ်းခါးရွာတွင် မီးလောင်နေသည်ကို ငြိမ်းသတ်နေသည့် ရွာသားများ။ ၁၀ စက်တင်ဘာ ၂၀၂၁။


[[Zawgyi/Unicode]]

အမေရိကန်-အာဆီယံ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲကျင်းပဖို့ အာဆီယံ ခေါင်းဆောင်တွေ ဝါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံနေကြချိန် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ခေါင်းဆောင်တွေအနေနဲ့ အလေးပေး ဆွေးနွေးကြဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက် ပိုမို ကျူးလွန်နေတဲ့အတွက် အာဆီယံရဲ့ အခြေခံမူဘောင် (၅) ချက်ဟာ မအောင်မြင်ဘူးလို့ AI က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒေသအတွက် စိုးရိမ်စရာဖြစ်လာနေပြီဆိုတာကို အာဆီယံအနေနဲ့ လက်ခံဖို့အချိန်တန်ပြီလို့လည်း AI ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာစစ်တပ်က သူ့ပြည်သူတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေဟာ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု မရှိယုံတင်မကဘဲ တိုင်းပြည်စီးပွားပါ ဆုတ်ယုတ် ကျင်ဆင်းလာနေတယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ ဘေးကင်းလုံခြုံမှုအတွက်ရော အလုပ်အကိုင် ရှာဖွေဖို့အတွက်ပါ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ထွက်ပြေးနေကြရတယ်ဆိုတဲ့အချက်ကိုလည်း AI ရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံနိုင်ငံတွေအနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်သလို အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို စာနာမှုအကူအညီပေးတာအပြင် စစ်တပ်ကို စစ်လက်နက် တင်ပို့မှု ပိတ်ပင်ကန့်သတ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အာဆီယံအနေနဲ့ ဒီအချက်တွေကို ဘုံသဘောတူညီချက် မချနိုင်လည်း နှစ်နိုင်ငံခြင်း ဆုံးဖြတ်ချက်ချ လုပ်ဆောင်သင့်တယ်လို့ AI ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

ထိပ်သီးအစည်းအဝေး မြန်မာ့လူ့အခွင့်အရေးဆွေးနွေးဖို့ AI တိုက်တွန်း

=============


[[Zawgyi/Unicode]]







=============