[[Zawgyi/Unicode]]
တရုတ်နိုင်ငံ၊ ဝူဟန်မြို့နဲ့ ဒါလီယန်မြို့တွေမှာ လူထုကျန်းမာရေး အာမခံစနစ် အပြောင်းအလဲကြောင့် ရာနဲ့ချီတဲ့အငြိမ်းစားဝန်ထမ်းတွေဟာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတချို့က ပြောခဲ့ကြသလို လူမှုကွန်ရက်မှာလည်း ဓာတ်ပုံတွေနဲ့တကွ တွေ့ရပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရဲ့ပန်းခြံတခုမှာစုဝေးကြတဲ့ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲဟာ တပတ်အတွင်း နှစ်ကြိမ်မြောက် ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲပါ။ အငြိမ်းစားတွေကို လစဉ်ပေးနေတဲ့ အထောက်အပံ့တွေကို လျှော့ချလိုက်လို့ ဆန္ဒပြကြတာဖြစ်ပြီး ဆိုရှယ်မီဒီယာက ပုံတချို့မှာတော့ တာဝန်ရှိသူတွေဟာ ဆန္ဒပြသူတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
တင်းကျပ်ပြီး ငွေကုန်ကြေးကျများတဲ့ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒတွေရဲ့ နောက်ဆက်တွဲအဖြစ် ဒေသဆိုင်ရာအစိုးရအတွက် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲတွေကြုံလာရပြီးနောက်ပိုင်းမှာ ၂၀၂၁ ခုနှစ် ကစတင်ကာ ကျန်းမာရေးအာမခံဆိုင်ရာ အပြောင်းအလဲလျှော့ချတာတွေကို တရုတ်တ်အစိုးရဘက်က တဖြည်းဖြည်း လုပ်ဆောင်လာနေတာပါ။
ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ ဗွီဒီယိုထဲမှာတော့ လူအလည်အပတ်များတဲ့ ဝူဟန်မြို့က ကျူရှမ်းပန်းခြံမှာ တရုတ်လုံခြုံရေးတွေဟာ ဆန္ဒပြသူတွေပန်းခြံထဲဝင်မရအောင် လူတံတိုင်းကာာရံထားတာကို တွေ့မြင်ရပါတယ်။
ဆန္ဒပြပွဲဖြစ်ခဲ့ကြောင်းကို မျက်မြင်တွေ့သူတချို့က အတည်ပြုခဲ့သလို ဆန္ဒပြပွဲ ဖြစ်ခဲ့တဲ့ ပန်းခြံတည်နေရာက အချက်အလက်တွေနဲ့ တိုက်ဆိုင်အတည်ပြုနိုင်ခဲ့ကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ဒါလီယန်မြို့မှာလည်း အလားတူ ကျန်းမာရေးအာမခံ အပြောင်းအလဲအတွက် လူရာနဲ့ချီဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တဦးက AFP ကို အတည်ပြုပါတယ်။ ဗွီဒီယိုမှတ်တမ်းတွေအရ “ငါတို့ရဲ့ကျန်းမာရေး အာမခံပြန်ပေး” ဆိုပြီး ဆန္ဒပြလူထုက ကြွေးကြော်နေကြပါတယ်။
တရုတ်မှာ လူစုလူဝေး စုရုံး တာတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်း ဥပဒေတွေ ထုတ်ပြန်ထားပြီး အတိုက်အခံတွေကို ခပ်မြန်မြန်ဖယ်ရှားတတ်တဲ့အတွက် ဆန္ဒပြပွဲဆိုတာ ရှားပါးတဲ့ ဖြစ်စဉ်ပါ။
ဒါပေမဲ့ တရုတ်လူထုဟာ အစိုးရအပေါ် မကျေနပ်ချက်တွေကို ရံဖန်ရံခါ ထုတ်ဖော် ပြသလေ့ ရှိပါတယ်။ မနှစ်က ကိုဗစ်ကန့်သတ်ချက်တွေ တင်းကျပ်လွန်းတာကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ တရုတ်မှာ ဖြစ်ခဲ့ပြီး အစိုးရကဘက်က ကိုဗစ်စည်းကမ်းတွေကို ပယ်ဖျက်ပေးခဲ့ရပါတယ်။
Your browser doesn’t support HTML5
ကျန်းမာရေးခံစားခွင့် လျှော့ချတဲ့အပေါ်မကျေနပ်လို့ တရုတ်ပြည်မှာ အငြိမ်းစား ဝန်ထမ်းတွေဆန္ဒပြ .mp3
============
[[Unicode]]