[[Zawgyi/Unicode]]
အိန္ဒိယနိုင်ငံမှာ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ကျရင် ကျင်းပမယ့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့သံတမန်တွေကို ကိုးကားပြီး The Hindu သတင်းစာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် စစ်ကောင်စီအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ တိုးလာနေချိန်မှာပဲ အိမ်နီးချင်း အန္ဒိယနိုင်ငံဘက်က အခုလို ဆုံးဖြတ်တဲ့ သတင်းထွက်လာတာပါ။
အိန္ဒိယအစိုးရအရာရှိတချို့နဲ့ သံတမန်အသိုင်းအဝိုင်းရဲ့ အပြောအရ အာဆီယံအစည်းအဝေးတွေမှာလိုပဲ စစ်ကောင်စီဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားမှာဖြစ်တာကြောင့် ဇွန် ၁၅ ရက်နေ့မှာကျင်းပမယ့် အဆင့်မြင့် အရာရှိများအစည်းအဝေးကိုရော ဇွန်လ ၁၆ နဲ့ ၁၇ ရက်မှာ ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုပါ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အစား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဌာနက ဖိတ်ကြားထားတယ်လို့ The Hindu သတင်းစာကရေးပါတယ်။
အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီး စည်းဝေးပွဲအတွက် ဒေလီမြို့တော်မှာရှိတဲ့ အာဆီယံနိုင်ငံတွေက သံတမန်တွေနဲ့ အိန္ဒိယ နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေ ဒီနေ့ တနင်္လာနေ့မှာ တွေ့ဆုံတာမို့ မြန်မာဘက်က ဘယ်လိုအကြောင်းပြန်သလဲဆိုတာ သိရနိုင်တာကိုလည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်ကရော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဘက်ကပါ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
သီရိလကာၤနိုင်ငံ ကိုလံဘိုမြို့တော်မှာ မတ်လကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အစည်းအဝေးတုန်းကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းက တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုဘက်က ကန့်ကွက်ခဲ့ပါတယ်။
Your browser doesn’t support HTML5
အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်မည်မဟုတ်
=============
[[Unicode]]
=============