[[Zawgyi/Unicode]]
တရုတ်နိုင်ငံသမ္မတရှီကျင့်ပင်က ကိုဗစ်ကင်းစင်ရေး- ကိုဗစ်ဇီးရိုးမူဝါဒကို ကွန်မြူနစ်ပါတီရဲ့အကြိမ် ၂၀ မြောက်ညီလာခံမိန့်ခွန်းမှာ တနင်္ဂနွေနေ့က ထပ်မံအတည်ပြုပြောလိုက် တာကြောင့် တချို့အတွက် စိတ်ပျက်စရာ ဖြစ်သွားကြပါတယ်။
ကိုဗစ်ဇီးရိုးမူဝါဒကြောင့် ကမ္ဘာ့ရောင်းလိုအားကွင်းဆက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထဖို့ ကြန့်ကြာသွားနိုင်တာကြောင့် ဒီအကျိုးဆက်တွေက ပြည်တွေရဲ အသက်မွေးကျောင်းဘဝတွေကို ထိခိုက်တယ်လို့ ထိုင်ဝမ် အမျိုးသားတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပါမောက္ခ Simon Chen က ပြောပါတယ်။
ဒါ့အပြင် တရုတ်က နိုင်ငံခြား ကိုဗစ်ကာကွယ်ဆေးတွေကိုမတင်သွင်းဘဲ mRNA ကာကွယ်ဆေးကို ပြည်တွင်းမှာ ထုတ်နိုင်အောင် ကြိုးစားကောင်း ကြိုးစားနေနိုင်တယ်လို့လည်း ပါမောက္ခချန်က ဆိုပါတယ်။ ကိုဗစ်ဇီးရိုးမူဝါဒဟာ ကိုယ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး အပေါ် မယုံကြည်တာကိုလည်း ပြသတယ်လို့ ဝေဖန်ပါတယ်။
ကိုဗစ်ဇီးရိုးမူဝါဒဟာ လူတွေရဲ့အသက်ကိုမထိခိုက်ဖို့ ဦးစားပေးတာဖြစ်ပါတယ်လို့ တရုတ်နိုင်ငံ Soochow တက္ကသိုလ်က ပါမောက္ခနဲ့ ဘေကျင်းအခြေစိုက် Center for China and Globalization ရဲ့ ဒုတိယဥက္ကဋ္ဌ Victor Gao က ဆိုပါတယ်။ ကိုဗစ်ကို ကာကွယ်ရာမှာ လူတွေ ကိုဗစ်ဖြစ်ကြပြီး တချို့အသက်ဆုံးပါးတာကို လက်ခံလိုက်ခြင်းအားဖြင့် လူတွေ သူ့ဘာသာ ကိုယ်ခံအားရလာတဲ့ နည်းလမ်းရှိသလို ကာကွယ်ဆေး အားဖြင့် ကိုယ်ခံအားရှိလာအောင် လုပ်ရတာလည်းရှိတာကြောင့် ကာကွယ်ဆေးအပေါ် အားထားနိုင်မှုအပေါ်မူတည်ပြီး ကိုဗစ်ဇီးရိုးမူဝါဒအားဖြင့် အစိုးရက လူတွေ အသေအပျောက် နည်းအောင် လုပ်ရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ လူတွေ ကိုယ်ခံအားရဖို့ သေဆုံးရမယ့်လူအရေအတွက်က ဆယ်သန်းအထိ ရှိနိုင်တယ်လို့ ပါမောက္ခ ဗစ်တာ ဂိုး က ခန့်မှန်းပါတယ်။
မြို့လေးတွေမှာတော့ ကိုဗစ်ဇီးရိုးမူဝါဒကို ထောက်ခံကြတယ်လို့ ခေတ်ပြိုင် တရုတ်လေ့လာရေး ပြင်သစ် သုတေသနအဖွဲ့က Jean-Pierre Cabestan က ပြောပါတယ်။ ဒါပေမယ့် ဒီ မူဝါဒနောက်မှာ တရုတ်ပြည်ကို မဖွင့်လိုတဲ့ အကြောင်းတစုံတရာများ ရှိမလားလို့လည်း သူက သံသယရှိပါတယ်။
Your browser doesn’t support HTML5
တရုတ်သမ္မတရှီကျင့်ပင် Zero-COVID မူဝါဒအတည်ပြုချက် စီးပွားရေးနှောင့်နှေးနိုင်.mp3
--------------
[[Unicode]]