ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့အမှုတွေ ဒီနေ့ ထပ်မံ စစ်ဆေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၁၉၊ ၂၀၂၀)

[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုစွဲဆိုထားတဲ့ ရဟတ်ယာဉ်ငှားရမ်းတာ၊ ဝယ်ယူတာနဲ့သက်ဆိုင်တဲ့ အဂတိမှုအတွက် တရားလိုပြသက်သေတဦးကို နေပြည်တော် အကျဉ်းထောင်အတွင်း အထူးတရားရုံးက ဒီနေ့ စစ်ဆေးပါတယ်။ သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေးမစ္စတာရှောင်တာနယ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့အမှုကိုတော့ လာမယ့် အောက်တိုဘာ ပထမအပတ်မှာ အမိန့်ချနိုင်တယ်လို့လည်း တရားရေးသတင်းရပ်ကွက်က မျှော်လင့်ထားပါတယ်။

ရဟတ်ယာဉ်ငှားရမ်းမှု၊ ဝယ်ယူမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်က အဂတိအမှု ၅ မှုနဲ့ စွဲဆိုထားပါတယ်။ ဒီအမှုရဲ့တရားလိုပြသက်သေအနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနက အတွင်းဝန်ဦးကိုကိုနိုင်ကို စစ်ဆေးခဲ့ပြီး ဒီကနေ့ တရားရုံးမှာ ဒီအမှု တခုတည်းကို စစ်ဆေးခဲ့တာပါ။

စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၅ သိန်းခွဲ လာဘ်ထိုးခဲ့တယ်ဆိုတဲ့အမှုကို စစ်ဆေးဖို့ စီစဉ်ခဲ့ပေမဲ့ တရားလိုပြသက်သေမလာနိုင်တာမို့ စစ်ဆေးနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကော ဦးဝင်းမြင့်ကော ကျန်းမာရေးကောင်းမွန်တယ်လို့ အမည်မဖေါ်လိုတဲ့ တရားရေးရပ်ကွက်က ပြောပါတယ်။ စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ တရားရုံးကြားနာပွဲတွေကို သတင်းထောက်တွေ လာရောက်ခွင့်မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
မနက်ဖြန်မှာ ရဟတ်ယာဉ်ဝယ်ယူတာနဲ့ပတ်သက်ပြီး စွပ်စွဲထားတဲ့ အမှု ၂ ခုကိုထပ်မံစစ်ဆေးသွားဖို့လည်း စီစဉ်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝ ကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုအတော်များများနဲ့ တရားစွဲဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ စွဲဆိုထားတဲ့ အမှုပေါင်း ၂၀ နီးပါးရှိပြီး အမှု ၁၂ မှုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ် ချမှတ်ထားပါတယ်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှု ၈ မှု ကျန်သေးပြီး စီးပွားရေးသမား ဦးမောင်ဝိတ်ထံကအမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူမှုနဲ့ပတ်သက်လို့ အဂတိမှု ၂ မှု၊ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ အဂတိမှု ငါးမှု စုစုပေါင်း ရှစ်မှုဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့အမှုတွေ ဒီနေ့ ထပ်မံ စစ်ဆေး.mp3

==============

[[Unicode]]






