[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ ပတ်သက်ပြီးစွဲဆိုထားတဲ့ အဂတိအမှု ၅ မှုနဲ့ စွဲချက်တင်ဖို့ ဒီကနေ့မှာ နေပြည်တော် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီစွဲချက်နဲ့ ပတ်သက်ပြီး လာမယ့်ရုံးချိန်းတွေမှာ တရားလိုအပြင် သက်သေတော်တော် များများ ပြန်ခေါ်စစ်ဆေးမှုတွေ လုပ်သွားဖို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက မျှော်လင့်ထားပါတယ်။ အဂတိမှု ၅ မှုနဲ့ နောက်ထပ် စွဲချက်တင်လိုက်တဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အပေါ် အဂတိမှု ၅ မှုနဲ့ နောက်ထပ် စွဲချက်တင်လိုက်တာပါ။ ဒီလို စွဲချက်တင်လိုက်တဲ့အတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးအောင်ခန့်ကိုအပါအဝင် စစ်ကောင်စီဘက် က တင်သွင်းထားတဲ့ သက်သေအားလုံးကို ပြန်လည်ခေါ်ယူစစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က တင်ပြထားတဲ့အကြောင်း တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းမြင့်တို့အပြင် NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ရဟတ်ယာဉ် ငှားရမ်းထားချိန် ငှားရမ်းစရိတ်နဲ့ ကာမိအောင်မပျံသန်းတဲ့အတွက် နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ ၃ သန်းကျော် နစ်နာဆုံးရှုံးရတယ်ဆိုပြီး အမှု ၃ ခုနဲ့ တရားစွဲဆိုပါတယ်။ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲဖို့ ရဟတ်ယာဉ်ဝယ်ယူရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မတင်ပြခဲ့အတွက် ၁ မှုနဲ့ ဝယ်ယူတဲ့ ရဟတ်ယာဉ်ကို စင်္ကာပူနိုင်ငံမှာ ပြင်ဆင်စရိတ် ယူရိုငွေ သန်း ၂၀ နီးပါး မကုန်သင့်ဘဲသုံးစွဲခဲ့မှုအတွက် ၁ မှု၊ စုစုပေါင်း ၅ မှုနဲ့ တရားစွဲဆိုထားတာပါ။
အမှုနဲ့ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အပြစ်မရှိတဲ့အကြောင်းနဲ့ သူ့လက်ထက်မှာ ငွေကြေးနဲ့နိုင်ငံဘဏ္ဍာ အလွဲသုံးစားလုပ်ခဲ့တာ၊ တိုင်းပြည်နစ်နာအောင် လုပ်ဆောင်ခဲ့တာ မရှိတဲ့အကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရေး သတင်းရပ်ကွက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့်မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၂၀ နီးပါးနဲ့တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချခံထားရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတဦးကို အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ပေးခဲ့တယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ရဲ့ ပြောဆိုချက်ကို အခြေခံပြီး စစ်ကောင်စီဘက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ အမှုတခုစီ အတွက် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ပြီး တပေါင်းတစည်းတည်း ၃ နှစ် ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၅ မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဒီကနေ့ စွဲချက်တင်လိုက်တဲ့ အဂတိလိုက်စားမှု အမှု ၅ မှု ကို ဆက်လက် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမှုတွေအားလုံး ဒီနှစ်မကုန်ခင် အပြီးသတ် အမိန့်ချမှတ်နိုင်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၅ မှု ထပ်တိုး စွဲချက်တင်.mp3
==============
[[Unicode]]