ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့လိုတဲ့ နိုင်ငံရေးပါတီတွေအပေါ် စစ်ကောင်စီ ကန့်သတ်

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံလိုတဲ့ ပြည်ပ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအခြေစိုက် သက်ဆိုင်ရာနိုင်ငံခြားသံရုံးတွေကို ဆက်သွယ်သတင်းပေးပို့ပြီး အဆိုပါသံရုံးတွေကတဆင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်သတင်းပေးပို့ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြန်ကြားချက်ကို စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင် က သင့်တော်သလို အကြောင်းပြန်မယ့်အကြောင်း မနေ့ကရက်စွဲနဲ့ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ ဖေါ်ပြပါတယ်။

“ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရွင်ကို ကြိုတင်တင်ပြခွင့်ပြုချက်ယူရမယ်” ဆိုပြီး သြဂုတ်လ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပါတယ်။ ဒီလိုညွှန်ကြားချက် ထုတ်ပြန်ပြီး အခု နိုင်ငံခြားသံရုံးတွေကတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်အကြောင်းကြားဖို့ ညွှန်ကြားချက် ထပ်မံထုတ်ပြန်တာပါ။

အခုထုတ်ပြန်တဲ့ ကန့်သတ်ချက်အသစ်ထဲမှာ ပြည်ပအခြေစိုက် သတင်းဌာနတွေက သတင်းထောက်တွေနဲ့ တွေ့ဆုံခွင့်နဲ့ on-line meeting တွေနဲ့ ပတ်သက်လို့ သီးခြားဖေါ်ပြထားခြင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ VOA က ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ဒီ ညွှန်ကြားချက်ဟာ လက်တွေ့မကျကြောင်းနဲ့ သဘာဝမကျတဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်လှုပ်ရှားခွင့်အပေါ် ထိခိုက်နိုင်တဲ့အကြောင်း VOA ကို ပြောဆိုပါတယ်။ ဒေသတွင်းအကဲခတ်တွေကတော့ မြန်မာနိုင်ငံမှာ ရှေ့နှစ် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးပါတီတွေကြား ထိတွေ့ဆက်ဆံမှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်နေတယ်လို့ သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကျင်းပခဲ့မယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ အမေရိကန်နိုင်ငံခြားရေးဝ်ကြီး Antony Blinken ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုနေပါတယ်။

Your browser doesn’t support HTML5

ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့လိုတဲ့ နိုင်ငံရေးပါတီတွေအပေါ် စစ်ကောင်စီ ကန့်သတ်.mp3

=================

[[Zawgyi/Unicode]]






